ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ဒီဘားလားက အသင်းတွင် နှစ်ပေါင်းများစွာ ဆက်ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က Twitter နှင့် Instagram မှတစ်ဆင့် ပရိသတ်များကို အတည်ပြုအသိပေးခဲ့သည်။
ဒီဘားလား(၂၈ နှစ်)သည် ဂျူဗင်တပ်စ်အသင်းတွင် (၇)ရာသီကြာ ကစားခဲ့သူဖြစ်ပြီး နွေရာသီ၌ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း အသင်းက သက်တမ်းတိုးခြင်းမရှိသည့်အတွက် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရမည်ဖြစ်သည်။
၎င်းအနေဖြင့် ပြောင်းရွှေ့ကစားမည့် အသင်းကို ရွေးချယ်ရခြင်းမရှိသေးသော်လည်း စီးရီးအေတွင် ဆက်ကစားရန်သာ ဆန္ဒရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ၎င်းကို အင်တာမီလန်၊ မန်ယူနှင့် စပါးအသင်းတို့အပါအဝင် ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများစွာရှိကြောင်းလည်း သိရသည်။
ဒီဘားလားက တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သော လာဇီယိုနှင့်ပွဲမှာ နောက်ဆုံးအိမ်ကွင်းပွဲဖြစ်ကြောင်း ပရိသတ်များကို အသိပေးခဲ့ပြီး “နှုတ်ဆက်စကားပြောဖို့ စကားလုံးရှာဖွေရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့ စိတ်ခံစားမှုများစွာနဲ့ နှစ်တွေအများကြီး အတူရှိခဲ့ကြတာပါ။ နောက်ထပ်ဆက်ရှိဦးမယ်လို့လည်း ထင်ခဲ့ပေမဲ့ အဆုံးသတ်ရဖို့ ဖြစ်လာပါတယ်။ ခင်ဗျားတို့ ပေးခဲ့တဲ့ အရာရာတိုင်းကို ကျွန်တော် မေ့မှာမဟုတ်ပါဘူး။ အားပေးခဲ့ကြတဲ့ ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ရေးသားခဲ့သည်။