COVID-19 ဗိုင်းရပ်စ် ဒေသဆိုင်ရာစည်းမျဉ်းများကြောင့် ပွဲပျက်ပြယ်ခဲ့သော ဂျူဗင်တပ်စ်-နာပိုလီပွဲစဉ်ဖြစ်ရပ်မှ အဝေးကွင်းသို့ လာရောက်မကစားခဲ့မှုအတွက် ပြစ် ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် နာပိုလီအသင်းမှ အယူခံဝင်ထားရာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
နာပိုလီအသင်းက ယင်းဖြစ်ရပ်မတိုင်မီ အသင်းတွင်း ဗိုင်းရပ်စ်ကူးစက်မှုပြဿနာများကြောင့် အဆိုပါပွဲကို ရွှေ့ဆိုင်းပေးရန် စီးရီးအေအဖွဲ့ချုပ်ထံ တင်ပြခဲ့သော်လည်း လက်မခံဘဲ ပယ်ချခဲ့သည်။
ထို့ပြင် စီးရီးအေအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးခုံအဖွဲ့က ပွဲလာရောက်မကစားခဲ့သည့် နာပိုလီအသင်း၏ ယင်းပွဲရလဒ်အား (၀-၃) အရှုံးသတ်မှတ်ကာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ပေးခဲ့ ပြီး တစ်မှတ်လျှော့ပြစ်ဒဏ်လည်း ချမှတ်ခဲ့သည့်အပြင် နာပိုလီအသင်းမှ အယူခံဝင်မှုကိုလည်း ပယ်ချခဲ့သည်။
ထို့ကြောင့် နာပိုလီအသင်းသည် အီတလီအားကစားလောက၏ အမြင့်ဆုံးခုံရုံးဖြစ်သည့် အီတလီအိုလံပစ်ကော်မတီ (CONI) ထံ အယူခံထပ်တက်ခဲ့ပြီး CONI က ချမှတ်ထားသည့် ပြစ်ဒဏ်များကိုပယ်ဖျက်ကာ အဆိုပါပွဲကို ပြန်လည်ကစားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အနေဖြင့် ယခုစီရင်ချက်ကြောင့် အထိနာခဲ့ပြီး ယခင် ရမှတ် ၂၇ မှတ်အထိ ရယူထားနိုင်နေရာမှ ယခုအခါ ၁၃ ပွဲကစားအပြီးတွင် ၂၄ မှတ်သာ ရရှိတော့ကြောင်း သိရသည်။