အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်က မိမိအနေဖြင့် ဂျာမနီအသင်းနှင့်ကစားမည့်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်သည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီ ကုန်ခါနီးတွင် ရရှိခဲ့သည့် ပေါင်ခြံဒဏ်ရာကြောင့် အနားယူခဲ့ရသူဖြစ်ပြီး ဇွန်လ (၂၂)ရက်က ကစားခဲ့သည့် အင်္ဂလန် (၁-၀) ချက်ပွဲတွင် ဒုတိယပိုင်း၌ လူစားဝင်ကစားခဲ့သူဖြစ်သည်။
အင်္ဂလန်အသင်း၏ ယူရို-၂၀၂၀ အုပ်စုပွဲစဉ် (၃)ပွဲစလုံးတွင် ကွင်းလယ်၌ ကယ်လ်ဗင်ဖီလစ်နှင့် ဒက်ကလန်ရိုက်တို့သာ ပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့သော်လည်း ဟန်ဒါဆန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟန်ဒါဆန်က “ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရတာဟာ ကစားသမားတွေအတွက် ခက်ခဲပါတယ်။ အခုတော့ ကျွန်တော် အခြေအနေကောင်းပါပြီ။ (၄၅)မိနစ်လည်း ကစားပြီးပါပြီ။ ကျွန်တော့်အနေနဲ့ ဂျာမနီနဲ့ပွဲမှာ ပါဝင်ကစားဖို့အတွက် အသင့်ဖြစ်နေပါပြီ။ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် ရှုံးထွက် (၁၆)သင်းအဆင့်တွင် ဂျာမနီအသင်းနှင့်တွေ့ဆုံနေပြီး ဇွန်လ (၂၉)ရက်တွင် ဝင်ဘလေကွင်း၌ ကစားရမည်ဖြစ်သည်။