ဘိုင်ယန်မြူးနစ်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ဖရန့်ဖတ်အသင်းအား (၁-၅)ဂိုးဖြင့် အရှက်တကွဲ အရေးနိမ့်ပြီးနောက် ပွဲအပြီးတွင် ဂိုးပြတ်ရှုံးပွဲနှင့်ထိုက်တန်ကြောင်း ပြောကြားခဲ့သည်။
”ကျွန်တော်တို့ ရှုံးပွဲနဲ့ ထိုက်တန်ပါတယ်။ ဒီလိုပုံစံမျိုးကစားရင် လေ့ကျင့်ရေးကွင်းမှာ တစ်ပတ်လုံး လှောင်ပြောင်ခံရမှာပါ။ အဝေးကွင်းပွဲစဉ်တစ်ပွဲ အနိုင်ရမယ့် စိတ်အားထက်သန်မှုမျိုး ဒီနေ့မှာ ရှိမနေခဲ့ပါဘူး။ ကျွန်တော်တို့ ပြင်ထားတာတွေလည်း ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ တစ်ဦးချင်းအမှားတွေက များပြားလွန်းပြီး ရုပ်ဆိုးအကျည်းတန်လွန်းပါတယ်”ဟု တူဟယ်လ်က ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီ ဘွန်ဒစ်လီဂါတွင် ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရပြီး (၂၁)ရာစုအတွင်း ဘွန်ဒစ်လီဂါတွင် (၄)ဂိုးနှင့်အထက် ဂိုးပြတ်အရေးနိမ့်ခြင်းမှာ စတုတ္ထအကြိမ်မြောက်ဖြစ်သည်။
ယင်း(၄)ကြိမ်တွင် ဖရန့်ဖတ်အသင်းကို ဂိုးပြတ်အရေးနိမ့်မှု နှစ်ကြိမ် ပါဝင်ခဲ့ပြီး ပထမဆုံးမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက (၁-၅)ဂိုးဖြင့်ပင် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။