မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ယမန်နေ့ညက လက်စတာကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် တတိယအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ဂါနာချိုအနေနဲ့ ဂိုးသွင်းပြီး ဘာကြောင့် အောင်ပွဲမခံခဲ့တာလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ပထမပိုင်းမှာတင် လက်စတာကို ၂-၀ နဲ့ဦးဆောင်နိုင်ခဲ့တဲ့ ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို ဂါနာချိုက ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ ယူနိုက်တက်ဟာ ယာယီနည်းပြ ဗန်နစ္စတယ်ရွိုင်းလက်ထက် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိအနိုင်ရထားခဲ့တာဖြစ်ပါတယ်။
တတိယအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဂါနာချိုအနေနဲ့ သူ့ရဲ့အောင်ပွဲခံနေကျပုံစံအတိုင်း ပရိသတ်တွေထံပြေးသွားပြီး အောင်ပွဲခံရမယ့်အစား ပွဲပြန်လည်ကစားဖို့အတွက် ကွင်းထဲကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အာဂျင်တီးနားသားရဲ့ အောင်ပွဲခံခြင်းမရှိတဲ့ အမူအယာနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ဂါနာချိုက နောက်ဆုံးဂိုးကိုသွင်းခဲ့ပေမယ့် အောင်ပွဲမခံခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ သူ့ကိုယ်သူ ယူနိုက်တက်ပရိသတ်အချို့ရဲ့ ယုံကြည်မှုကို ဆုံးရှုံးလိုက်ရတယ်လို့ ထင်နေလို့ပါ”
“ကျွန်တော်သူ့ကို လူတွေကဒီလိုပါပဲ၊ မင်းကိုချစ်တဲ့ပရိသတ်တွေလည်း အများကြီးရှိနေပါသေးတယ်လို့ ပြောခဲ့ပါတယ်။ သူ့ကို အောင်ပွဲခံဖို့လည်းပြောခဲ့ပါတယ်။ သူက ထူးခြားတဲ့ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့နိုင်ပွဲတွေရနေတာ ဒီလိုကစားသမားတွေကြောင့်ပါပဲ။ ဂါနာချိုလိုကစားသမားတွေလို ပွဲစဉ်တိုင်းမှာဂိုးသွင်းစေချင်ပါတယ်။ ဒါပေမယ့် ဒါကမဖြစ်နိုင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြားရက်မှာ ဂါနာချိုဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ကြုံတွေ့ထားရပြီး ပရိသတ်တစ်ဦးက ဘောလုံးထိန်းတာပဲ လေ့ကျင့်ဖို့ လှောင်ပြောင်အကြံပေးခဲ့တာကြောင့် ကစားသမားအနေနဲ့ စိတ်ထိခိုက်နေခဲ့ပုံရပါတယ်။
တနင်္လာနေ့မှာ ယူနိုက်တက်သို့ နည်းပြသစ် ရူဘင်အာမိုရင် ရောက်ရှိလာတော့မှာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ ပေါ်တူဂီသားရဲ့ အစွမ်းအစကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ယူနိုက်တက်ဟာ အစ်ဆွစ်ချ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာမိုရင်အနေနဲ့ ပွဲဦးထွက်မှာ ဘာတွေလုပ်ပြနိုင်မလဲ စောင့်ကြည့်သွားရပါမယ်။