မနေ့ညကတော့ ဒါဘီ ကောင်တီ အသင်းဟာ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ရာသီသစ် မတိုင်မီ လုပ်ဆောင်ခဲ့တဲ့ ပထမဆုံး ရာသီကြို ခြေစမ်းပွဲမှာ 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။
ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် တာဟစ်ချောင် ၊ ပယ်လီစထရီ တို့ဟာ ဂိုးသွင်းယူ ပေးခဲ့ကြပြီး ဒါဘီ ကောင်တီ အသင်း အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ကာဇင် ရစ်ချက် က သွင်းယူပေးခဲ့ ပါတယ် ။
ဒါဟာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီ အတွက် ဒါဘီ နည်းပြ ဘဝ အသင်းဟောင်းနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံး ပွဲစဥ် ဖြစ်သွားခဲ့ရပါတယ် ။ ဒီလို ခြေစမ်းပွဲမျိုးမှာ ရွန်းနီ အနေနဲ့ ယူနိုက်တက် ပရိသတ်တွေကို လက်ပြ နှုတ်ဆက်ခဲ့သင့် ပါတယ် ။
ဒါပေမဲ့ လက်တွေ့မှာတော့ ရွန်းနီဟာ အသင်းဟောင်းရဲ့ ပရိသတ်တွေကို ဘယ်လို နှုတ်ဆက်မှု မပြုလုပ်ခဲ့ပါဘူး ။ အခုတော့ ရွန်းနီက ယူနိုက်တက် ပရိသတ်တွေဟာ သူ့ရဲ့ လုပ်ရက် အပေါ် စိတ်ဆိုးကြမှာ မဟုတ်ဘူးလို့ မျှော်လင့်နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
ဒါ့အပြင် ငယ်ဘဝက အသင်းဆီ ပြန်လာခဲ့ခြင်းက စပါယ်ရှယ် ခံစားချက်ကို ဖြစ်ပေါ်စေကြောင်း ၊ သူဟာ ဒါဘီ နည်းပြ ဖြစ်နေပြီ ဖြစ်တဲ့အတွက် ဒီအသင်း အပေါ် သစ္စာ ရှိဖို့ လိုအပ်နေတာကြောင့် ပြိုင်ဖက် အဖြစ် ရင်ဆိုင်ရချိန် ပရိသတ်တွေကို မနှုတ်ဆက်ခဲ့တာ ဖြစ်ကြောင်း ရှင်းပြခဲ့လိုက် ပါတယ် ။
” ဟုတ်ပါတယ် ၊ တကယ့်ကို စပါယ်ရှယ် ခံစားချက် ဖြစ်ခဲ့ရ ပါတယ် ။ ကျွန်တော်က ဒီမှာ အကြီးကြီး အောင်မြင်ခဲ့တယ်လေ ။ ကျွန်တော် ဒီမှာ 13နှစ် နေခဲ့ပါတယ် ။ အခုလို မိတ်ဆွေဟောင်း ၊ သူငယ်ချင်းဟောင်းတွေကို ပြန်တွေ့ရတာ အရမ်းကို ကောင်းလှ ပါတယ် “
” ကံမကောင်းစွာပဲ လိုချင်တဲ့ ရလဒ်တော့ မရခဲ့ပါဘူး ။ ဒါပေမဲ့ ဒီပွဲကတော့ ပွဲကောင်း ၊ ပြိုင်ဆိုင်မှု ကောင်းတဲ့ပွဲ တစ်ပွဲ ဖြစ်ခဲ့ရ ပါတယ် ။ အသင်းသားတွေရဲ့ ကြံ့ခိုင်မှု အနေအထားတွေကို မြင်ခဲ့ရ ပါတယ် ။ ဒီပွဲက အပေါင်း လက္ခဏာ ဆောင်တဲ့ အခိုက်အတန့်တွေ မြင်တွေ့ခဲ့ရတဲ့ အတွက် ကျွန်တော် ကျေနပ်မိ ပါတယ် “
” ဟုတ်ပါတယ် ၊ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်းကို လေးစားပါတယ် ။ ဒီအသင်းကို ချစ်လည်း ချစ်လှပါတယ် ။ ကျွန်တော်ဟာ ပရိသတ် တစ်ဦး အဖြစ်နဲ့ ယူနိုက်တက် ပွဲစဥ် တွေကို ကြည့်ခဲ့ပေါင်းလည်း မနည်းခဲ့ရ ပါဘူး “
” ဒါပေမဲ့ အခုချိန် ကျွန်တော် ဒါဘီ ကောင်တီ အသင်း နဲ့ ဒီက အသင်းသားတွေ အပေါ်မှာ သစ္စာ ရှိရပါတော့မယ် ။ ကျွန်တော့် အသင်း အပေါ်မှာပဲ အာရုံစိုက် ရပါတော့မယ် ” လို့ ရွန်းနီ က ယူနိုက်တက် ပရိသတ်တွေကို ဘာလို့ နှုတ်မဆက်ခဲ့တာလဲ ဆိုတာ ရှင်းပြ သွားခဲ့လိုက် ပါတယ် ။