ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကလပ် အမေရိက အသင်းနဲ့ ခြေစမ်းပွဲမှာ ၃ – ၀ ရလဒ် အနိုင်ရခဲ့ပါတယ် ။ ဒါဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ပထမဆုံး နိုင်ပွဲလည်း ဖြစ်ပြီး ၊ ကစားသမားတွေကိုလည်း ဒီပွဲမှာ ပိုပြီး စုံစုံလင်လင် မြင်တွေ့လာရပြီ ဖြစ်ပါတယ် ။
ချဲလ်ဆီး အတွက် သွင်းဂိုးတွေကို နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူ ၊ တိုက်စစ်မှူး မာ့ခ်ဂီယူးနဲ့ တောင်ပံကစားသမား နွန်နီ မက်ဒူးကီတို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၊ အဆုံးသတ်သာ သေချာခဲ့ရင် ခြင်္သေ့ပြာတို့ ဒီပွဲမှာ ဒီထက် ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ဖို့ ရှိပါတယ် ။
ိူသို့ပေမယ့် ပွဲအစ ၂မိနစ်မှာပဲ ပင်နယ်တီကတဆင့် ဂိုးသွင်းနိုင်ခဲ့တဲ့ အန်ကွန်ကူဟာ ချဲလ်ဆီး အတွက် ခြေစမ်းပွဲ ၃ပွဲဆက် ဂိုးသွင်းထားပြီး ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီမှာ ဒဏ်ရာ ပြဿနာတွေကြောင့် ပွဲအများစုကို လွဲချော်ခဲ့ရတဲ့ အန်ကွန်ကူဟာ ရာသီသစ်မှာ ခြင်္သေ့ပြာတို့ အတွက် ယခင် လိုက်ပ်ဇစ်မှ ပုံစံကောင်းတွေနဲ့ အတူ ပြန်လာနိုင်မလား ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။
ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မာရက်စ်ကာက အန်ကွန်ကူနဲ့ ပတ်သက်ပြီး ” ကျွန်တော်ဟာ ခရစ်တို အကြောင်း လွန်ခဲ့တဲ့ နှစ်များစွာကတည်းက သိထားပါတယ် ။ ကျွန်တော် ဒီအသင်းကို ပြောင်းမလာခင်ကတည်းက သူ့ကို သဘောကျနှစ်သက်ခဲ့တာပါ ။ ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံအရ သူဟာ ကျွန်တော်တို့ လိုချင်တဲ့ စံနှုန်း ကစားသမားပါပဲ ။ ”
” သူဟာ ပြိုင်ဖက် ခံစစ်ကြားထဲ ကစားနိုင်သလို ၊ နံပါတ် ၉ ၊ တောင်ပံတိုက်စစ် နေရာတွေမှာလည်း ကစားပေးနိုင်ပါတယ် ။ လောလောဆယ်တော့ ကျွန်တော်တို့ဟာ သူ့ကို ပြိုင်ဖက် ခံစစ်ကြားမှာပဲ အသုံးပြုနေပါတယ် ။ ဒီနေရာမှာ သူ အတော်လေး စွမ်းဆောင်ပြထားပါတယ် ။ ”
” သူ ပွဲတိုင်း ကစားခွင့် ရထားတဲ့ အကြောင်းအရင်းက ပြီးခဲ့တဲ့ ရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ လုံးပန်းခဲ့တာကို ကျွန်တော်တို့ သိထားပြီး ၊ ဒီအတွက် သူ ကစားခွင့် မိနစ်တွေ လိုအပ်တာကြောင့်ပါ ။ သူ အတော်လေး အဆင်ပြေနေပြီး ၊ တပွဲပြီး တပွဲ သူ ပိုပိုကောင်းလာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး မာရက်စ်ကာ က သူ့ရဲ့ ချဲလ်ဆီး နည်းပြ ဘဝ ပထမဆုံး နိုင်ပွဲနဲ့ ပတ်သက်ပြီး ” အရမ်းပျော်ပါတယ် ။ ကျွန်တော်တို့ ရှုံးခဲ့တုန်းက ၊ ရလဒ်က ကျွန်တော်တို့ အတွက် အမြဲတမ်း အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ချဲလ်ဆီး ဖြစ်လို့ပါ ။ ဒါပေမယ့် လောလောဆယ်မှာ အဓိက အာရုံစိုက်ရမှာက ရလဒ်ပိုင်း မဟုတ်ပါဘူး ။ စွမ်းဆောင်ရည်ကို အကဲဖြတ် သုံးသပ်ဖို့ ၊ ဘယ်လို တိုးတက်အောင် လုပ်ဆောင်ဖို့ပါ ။ ”
” ကျွန်တော့ တဦးတည်းရဲ့ အမြင်အရ ရက်စ်ဟမ်း ၊ ဆဲလ်တစ် ၊ ဒီနေ့ပွဲတွေအပြီး ကျွန်တော်တို့ ဖြည်းဖြည်းချင်း တိုးတက်လာပါတယ် ။ ဒါက အရေးကြီးဆုံး အရာပါပဲ ။ ရက်စ်ဟမ်း ၊ ဆဲလ်တစ်နဲ့ ပွဲတွေမှာ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမယ့် ၊ တိုးတက်ခဲ့တဲ့ အရာတွေလည်း အများကြီး ရှိခဲ့ပါတယ် ။ ”
” ဒီနေ့မှာလည်း ကျွန်တော်တို့ဟာ အဲဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်နိုင်ခဲ့ပါတယ် ။ ဒီခရီး စပြီးကတည်းက ထရိန်နင်မှာ လုပ်ဆောင်တဲ့ အရာတွေကို တကယ့်ပွဲတွေမှာလည်း အသုံးချနိုင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။