ယခု ရက်ပိုင်း အတွင်း မှာ လီဗာပူး ဂန္တဝင် ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်း ဟာ ချဲလ်ဆီး အသင်း ရဲ့ အသက် ၁၉ နှစ် အရွယ် ၊ စကော့တလန် လူငယ် ကြယ်ပွင့် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် မှာ ရာသီဝက် အငှား နဲ့ ခေါ်ယူဖို့ အလိုရှိနေတယ် ဆိုတဲ့ ကောလဟလ တချို့ ထွက်ပေါ်လာခဲ့ပါတယ် ။
ယင်း စကော့တလန် ယူ ၂၁ ကွင်းလယ်လူ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ လီဗာပူး အသင်း ကို ၂ – ၀ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲမှာ ချဲလ်ဆီး စီနီယာ အသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့် ရခဲ့ကာ ၊ အထူး ခြေစွမ်း စတင်ပြသနိုင်ခဲ့ပြီးနောက် ၊ ဒီရာသီမှာလည်း စီနီယာ အသင်း ရဲ့ ကစားသမား စာရင်း မှာ ရွေးချယ်ခံထားရပါတယ် ။
သို့ပေမယ့် ၎င်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ ခရစ်စတယ် ပဲလေ့စ် ကို အဝေးကွင်း မှာ ရင်ဆိုင် ကစားခဲ့တဲ့ ပွဲစဉ် အတွင်း ပြင်းထန်တဲ့ ဒဏ်ရာ တခု ရခဲ့ပြီး ၊ ယခုနှစ် ရာသီ အစပိုင်း အထိပင် အနားယူခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ က ကစားခဲ့တဲ့ ခရာစနိုဒါ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲရောက်ခါမှ ဂီလ်မာ ဟာ ဒီရာသီ ပထမဆုံး ပွဲထွက်ခွင့် ကို ရရှိခဲ့ပါတယ် ။
တဖက်မှာ ဒဏ်ရာ က အပြည့်အဝ ပျောက်ကင်းလာပေမယ့် ၊ လက်ရှိ ချဲလ်ဆီး အသင်း မှာ ဒဏ်ရာရ ကစားသမား နည်းနေသလို ၊ ကွင်းလယ် နေရာ အတွက် အရန် အင်အား က တောင့်တင်းပြီးသား ဖြစ်တဲ့အတွက် ၊ ဂီလ်မာ အဖို့ ကစားခွင့် များများစားစား ရနိုင်ဖွယ် ရှိမနေပါဘူး ။
ဒီတော့ ၎င်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ချဲလ်ဆီး တို့ အငှား ထပ်ချမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်လာနိုင်တယ် လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်လာခဲ့ပါတယ် ။ ၎င်းကို အငှား ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ အသင်းဟောင်း ရိန်းဂျားစ် လည်း ပါဝင်တယ် လို့ အင်္ဂလန် မီဒီယာ တွေက ဖော်ပြထားပါတယ် ။
ရိန်းဂျားစ် အသင်း ရဲ့ မန်နေဂျာ စတီဗင် ဂျရတ် ကတော့ ဘီလီ ဂီလ်မာ ကို အငှား နဲ့ ခေါ်ယူမယ့် သတင်းတွေကို ငြင်းဆန်ခဲ့ရင်း ၊ ယင်း ချဲလ်ဆီး ကြယ်ပွင့် ရဲ့ အရည်အသွေးတွေ အကြောင်း အခုလိုပဲ ချီးမွမ်းခန်း ဖွင့်သွားခဲ့ပါတယ် ။
Evening Standard သတင်း ဌာန နဲ့ တွေ့ဆုံခဲ့ရာမှာ ဂျရတ် က ” ကစားသမား အပြောင်းအရွှေ့ အကြောင်း နဲ့ ပတ်သက်ပြီး သတင်းစာ တော်တော်များများ က မတူညီတဲ့ ခန့်မှန်းမှုတွေ ၊ ကောလဟလတွေ အကြောင်း ဖော်ပြထားကြပါတယ် ။ “
” ကျွန်တော် အခု မြင်ထားသလောက်တော့ ဘီလီ ဂီလ်မာ ဟာ ချဲလ်ဆီး အသင်းမှာ အတော်လေး အထိုင်ကျနေတာပါပဲ ။ တကယ်တော့ သူဟာ ကာလရှည် ဒဏ်ရာ ပြဿနာ နဲ့ ကြုံခဲ့ရတာပါ ။ ဖရန့် ပြောသမျှ ကျွန်တော် နားထောင်ဖူး သလောက်တော့ သူဟာ ဘီလီ ဂီလ်မာ ရဲ့ လက်ရှိ အနေအထား အပေါ် ပျော်ရွှင်နေပါတယ် ဆိုတာပါပဲ ။ “
” ဂီလ်မာ ဟာ ခန္ဓာကိုယ် သေးပေမယ့် ၊ အံ့သြဖွယ် လူငယ် ကြယ်ပွင့် တဦးပါ ။ ဒါပေမယ့် ကလပ် ၂သင်း အကြားမှာရော ၊ မန်နေဂျာ ၂ဦး အကြားမှာပါ အပြောင်းအရွှေ့ အကြောင်း နဲ့ ပတ်သက်ပြီး ချိတ်ဆက် ဆွေးနွေးတာမျိုး လုံးဝ မရှိပါဘူး ။ ကျွန်တော် ဟာ ဖရန့် အပါအဝင် သူ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ အရမ်း ရင်းနှီးပါတယ် ။ “
” သတင်းသမား တွေကသာ ဟို ၂ခု ၊ ဒီ ၂ခု ယူပြီး ၊ ချိတ်ဆက် ၊ သတင်းလုပ်ကြံတာ လို့ပဲ ကျွန်တော် မြင်ပါတယ် ။ ကျွန်တော်တို့ ဖက်က ဒီ သတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှ ချပြစရာ မရှိပါဘူး ။ ဒါပေမယ့် ဂီလ်မာ ဟာ အံ့သြဖွယ် ကောင်းတဲ့ ကစားသမား ဖြစ်တယ် ဆိုတဲ့ အကြောင်း ကျွန်တော် ပြောမှ ဖြစ်သလို ၊ သူ့ကို အနာဂတ် သာယာဖြောင့်ဖြူးစေဖို့ လည်း ဆုတောင်း ပေးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။