ပြီးခဲ့တဲ့ တစ်ပတ် က ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီး အသင်း နဲ့ အာဆင်နယ် အသင်း တို့ ထိပ်တိုက် တွေ့ဆုံ ခဲ့ကြပြီး အာဆင်နယ် အသင်းက လူငယ် ကွင်းလယ်လူ စမစ်ရို ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင် ရရှိ ခဲ့ပါတယ် ။
အာဆင်နယ် အသင်း ဂိုးသမား လီနို က သူ့ရဲ့ အသင်းဖော်တွေ အားလုံးဟာ ချဲလ်ဆီး နောက်ခံလူ ရူဒီဂါ နဲ့ ရင်ဆိုင် ကစားရတာ ခက်ခဲပြီး မနှစ်မြို့ကြောင်း အဝတ်လဲခန်း အတွင်းမှာ ပြောခဲ့ဖူးတယ်လို့ အင်တာဗျူး တစ်ခုမှာ ဖြေကြား သွားခဲ့ပါတယ် ။
လီနို ဟာ Sport1 နဲ့ အင်တာဗျူးမှာ သူနဲ့ နိုင်ငံတူ ကစားသမားတွေမှာ ဘယ်သူတွေက ပွဲပိုသာအောင် လုပ်ပေးနိုင်သလဲ ဆိုတဲ့ မေးခွန်းကို ” ကျွန်တော့် အတွေးထဲ အရင်ဆုံး ရောက်လာသူက ဂျိုရူအာ ကင်မစ်ရှ် ပါ ။ ”
” ဂန်ဒိုဂန် ကလည်း အညာအတာ ကင်းမဲ့တဲ့ ကစားသမား တစ်ဦးပါ ၊ သူ က နှောင့်ယှက်တာမျိုး လုပ်လေ့ မရှိပေမယ့် ဘောလုံးကို အင်မတန် ပါးပါးနပ်နပ် ကစားတတ်သူပါ ။ ”
” တီမို ဗာနာ နဲ့ ရင်ဆိုင် ကစားရတာလည်း မနှစ်မြို့စရာပါပဲ ၊ သူက ပြိုင်ဘက် နောက်တန်းနောက်ကို အမြဲသွားပီး နေရာလွတ်တွေ ရှာဖွေ ကစားတတ်သူပါ ။ ”
” အန်တိုနီယို ရူဒီဂါ ကလည်း ဥပမာကောင်း တစ်ခုပါ ၊ အာဆင်နယ် အသင်းက လူတွေအားလုံးက သူနဲ့ ရင်ဆိုင် ကစားရတာ မနှစ်မြို့ကြောင်း အင်မတန် ခက်ခဲကြောင်း ပြောကြပါတယ် ။ ”
” သူတို့လို ကစားသမားတွေက ကိုယ့်အသင်းမှာဆို ကောင်းပေမယ့် ပြိုင်ဘက် အဖြစ် ရင်ဆိုင် ကစားရတဲ့ အခါကျ တကယ့်ကို ဒုက္ခ ရောက်စေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ရူဒီဂါ ဟာ ချဲလ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပြီး နည်းပြ တူချယ်ကတော့ ရူဒီဂါ ကို ကာလရှည် စာချုပ် ချုပ်ဆိုဖို့ ဆန္ဒ ရှိကြောင်း အတိအလင်း ပြောကြား ထားပါတယ် ။