ဘောက်ဆင်ဒေးမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၅) မှာ အာဆင်နယ် အသင်းဟာ လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်းကို သုံးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင်ယူပြီး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်ခဲ့ပါပြီ ။
ဒီနေ့ နိုင်ပွဲကြောင့် အာဆင်နယ် နည်းပြ အာတီတာ ဟာ ဖိအား အတော်အသင့် လျော့နည်းသွားခဲ့ပြီ ဖြစ်ပြီး အာဆင်နယ် ကစားသမားတွေရဲ့ ယုံကြည်မှုလည်း ပြန်လည် မြင့်တက်လာဖွယ် ရှိနေပါတယ် ။
အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ပင်နယ်တီ ကနေ တစ်ဆင့် လာကာဇက် က တစ်ဂိုး ၊ ဖရီးကစ်ကနေ ရှာကာ က တစ်ဂိုး နဲ့ လူငယ် ကြယ်ပွင့် ဆာကာ က တစ်ဂိုး သွင်းယူ ပေးခဲ့တာပါ ။ အာဆင်နယ် အသင်းဟာ လာကာ ၊ ရှာကာ ၊ ဆာကာ ဆိုတဲ့ ကာ သုံးကာ ရဲ့ သွင်းဂိုးတွေနဲ့ အတူ နိုင်ပွဲ ပြန်ရခဲ့တာ ဖြစ်ပါတယ် ။
ချဲလ်ဆီး နဲ့ ပွဲမှာ အာဆင်နယ် ကွင်းလယ်လူ ရှာကာ ရဲ့ ဖရီးကစ် ဂိုးဟာ လှပ သေသပ်လွန်းတာကြောင့် ချီးကျူး ခံခဲ့ရသလို ဘူကာရို ဆာကာ ရဲ့ သွင်းဂိုးဟာလည်း ပရိသတ်တွေကြားထဲမှာ ဒွိဟ ဖြစ်စေခဲ့တဲ့ သွင်းဂိုး တစ်ဂိုး ပါ ။
ပရိသတ်တွေဟာ ဆာကာ ရဲ့ သွင်းဂိုး ဟာ ဖြတ်တင်ပေးရင်းကနေ ဂိုးဝင် သွားခဲ့တာလား ၊ တမင် ရည်ရွယ်ချက် ရှိရှိ ကန်သွင်း ခဲ့တာလား ဆိုတာ သိချင် နေကြတာ ဖြစ်ပါတယ် ။ ပွဲအပြီး အင်တာဗျူးမှာတော့ ဆာကာ က သူဟာ ဂိုးကန်သွင်းခဲ့တာ ဖြစ်ကြောင်း ရှင်းပြ သွားခဲ့ပါတယ် ။
ဒီနေ့ပွဲရဲ့ MOTM ဆုရှင် ဆာကာ က BBC Sports နဲ့ အင်တာဗျူးမှာ ” သူ(မန်ဒီ) ဂိုးရှေ့ အနည်းငယ် တက်နေတာကို မြင်လိုက်ရတော့ ကျွန်တော်လည်း သူ့ကို ကျော်အောင် ကန်ပြီး ဂိုးသွင်းဖို့ ကြိုးစား လိုက်တာပါ ။ ရည်ရွယ်ချက် ရှိရှိ ကန်ခဲ့တာပါဗျာ ။ ”
ဆက်လက်ပြီး ဆာကာ က အသင်းရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့က ရလဒ် ၊ အနီကဒ်တွေ နဲ့ ပတ်သက်ပြီး ကံမကောင်း ဖြစ်နေတဲ့ အသင်းကောင်း တစ်သင်းလို့ ခံစားမိခဲ့ပါတယ် ။ ဒါပေမယ့် ဒီနေ့ နိုင်ပွဲက ကျွန်တော်တို့ ယုံကြည်မှု ပြန်ရစေခဲ့တဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲပါပဲ ။ ”
” ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစား ကစားခဲ့ပါတယ် ။ ကျွန်တော်တို့ လူငယ်တွေက အတူတကွ ကြီးပြင်းလာကြသူတွေပါ ၊ လူငယ်တွေ အားလုံးက ကစားချင်ကြသူတွေ ဖြစ်ပြီး အသင်းချစ်စိတ်လည်း အပြည့် ရှိကြပါတယ် ၊ ပရိသတ်တွေ ပျော်ရွှင်အောင် ကျွန်တော်တို့ လုပ်ပေးချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် နည်းပြ အာတီတာကလည်း ပွဲအပြီးမှာ လူငယ် ကြယ်ပွင့်တွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး သွားခဲ့ပါတယ် ။ ” ကျွန်တော်တို့ လူငယ်တွေနဲ့ ဝါရင့် စီနီယာ ကစားသမားတွေကို ကောင်းကောင်း ပေါင်းစပ် နိုင်ခဲ့ပါတယ် ။ သူတို့အားလုံးက အရမ်းကောင်းကြပါတယ် ၊ တစ်ဦးချင်း မပြောချင်ပါဘူး ၊ အရန်ခုံက လူတွေကလည်း အသင်းကို အားတက်သရော အားပေးခဲ့ကြပါတယ် ။ ”
” ပွဲမစခင်ကတည်းက ကျွန်တော်တို့ အသင်း ကောင်းကောင်း လုပ်နိုင်မယ်လို့ ခံစားမိနေခဲ့တာပါ ။ ကျွန်တော်တို့ အသင်းက ကစားသမားတွေ အတွက်ကော ဒီနေ့ ပြသသွားတဲ့ အသင်းလိုက် စိတ်ဓတ် အတွက်ပါ ဂုဏ်ယူ မိပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။