ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲမှာ ၂၀၂၃ ခုနှစ် အတွင်း နိုင်ပွဲတွေ ဆက်နေတဲ့ ဒေါ့မွန် အသင်းကို အဝေးကွင်းမှာ ၁ – ၀ ရလဒ်နဲ့ ကပ်ရှုံးခဲ့ပါတယ် ။
ထိုပွဲမှာ ချဲလ်ဆီးဟာ အသင်းလိုက် ကစားပုံ သာမက ၊ တဦးချင်း ကစားပုံတွေပါ အများကြီး တိုးတက်လာပေမယ့် ၊ ကံတရားဖက်မှာတော့ အားနည်းနေဆဲ ဖြစ်ကာ ၊ နိုင်ပွဲကို ရှာမတွေ့နိုင်ခဲ့ပါဘူး ။ ဒါ့အပြင် ဒေါ့မွန် ဂိုးသမား ကိုဘဲလ်ကလည်း ချဲလ်ဆီးရဲ့ အံ့သြဖွယ် ကန်သွင်းချက်တွေကို မှော်ဝင် လက်စွမ်းပြကာ ကာကွယ်သွားခဲ့ပါတယ် ။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက် ၂ခုပေါင်း ပေါင်သန်း ၆၀၀ကျော် သုံးစွဲခဲ့တဲ့ ချဲလ်ဆီး အဖို့ ချန်ပီယံလိဂ်ဟာ ယခုနှစ် ရာသီ အောင်မြင်မှု ရဖို့ တလုံးတည်းသော ဖလား ဖြစ်ပြီး ၊ လက်ရှိ အနေအထားက ချဲလ်ဆီးကို အောင်မြင်ဖို့ အလေးမပေးတဲ့ ပုံစံဆီ ရောက်နေပါတယ် ။

လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက CBS Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ရင်းနှီးမြှုပ်နှံထားသလောက် တိုက်ရိုက် တန်းပြီး အကျိုးအမြတ် ပြန်မရနေတဲ့ ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလီကို troll သွားတဲ့ အနေနဲ့ ” အခုပဲ ဆိုရှယ်မီဒီယာပေါ်မှာ တက်လာတယ်ဗျာ ၊ တော့ဒ်ဘိုလီဟာ ဒေါ့မွန် တသင်းလုံးကို ဝယ်ဖို့ ကမ်းလှမ်းလိုက်ပြီတဲ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ချဲလ်ဆီးဟာ ဒေါ့မွန်နဲ့ ပွဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ခေါ်ယူမှုတွေထဲက ချန်ပီယံလိဂ် မှတ်ပုံတင်ထားတဲ့ ကစားသမားသစ် ၃ဦး ဖြစ်တဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် ၊ ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်လို မူဒရစ် ၊ ပေါ်တူဂီ လက်ရွေးစင် နောက်ချန် တိုက်စစ်မှူး ယာအို ဖီးလစ်တို့ကို ပွဲထုတ်သုံးသွားခဲ့ပါတယ် ။

သို့ပေမယ့် အထောင်တိုက်စစ်မှာတော့ သဘာဝ အထောင်တိုက်စစ်မှူးစစ်စစ် မဟုတ်တဲ့ ကိုင်ဟာဗက်ဇ်ကိုသာ ချဲလ်ဆီးတို့ ဆက်သုံးခဲ့ရပြီး ၊ တဦးတည်းသော အထောင်တိုက်စစ်မှူး ဖြစ်တဲ့ ပီယာအမ်းမရစ် အူဘားမီးယန်းကို ချန်ပီယံလိဂ် လူစာရင်းကနေ ချန်လှပ်ထားတာကြောင့် အရန်မှာ လူစားလဲစရာ အထောင်တိုက်စစ်မှူး တဦးမှ ရှိမနေခဲ့ပါဘူး ။
ပေါင်သန်း ၆၀၀ ကျော် သုံးစွဲထားပြီး ၊ အသင်း အတွက် ပုံမှန် ဂိုးသွင်းပေးမယ့် တိုက်စစ်မှူး တဦးမှ မဝယ်ထားနိုင်တာက ချဲလ်ဆီးရဲ့ ကြီးမားတဲ့ ပြဿနာ ဖြစ်ကြောင်း ကာရေဂါက ထောက်ပြသွားခဲ့ပြီး ၊ ဒေါ့မွန်ကို ရှုံးခဲ့တာကလည်း ထိုအကြောင်းအရင်းကြောင့် ဖြစ်ကြောင်း သုံးသပ်သွားပါတယ် ။

ကာရေဂါ က ” ခင်ဗျား ချဲလ်ဆီး သုံးခဲ့တဲ့ ငွေတွေကို စဉ်းစားကြည့်ရင် ၊ ကျွန်တော် ဆိုလိုတာက ဇန်နဝါရီ စျေးကွက် တခုတည်း မဟုတ်ပါဘူး ၊ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက်ကိုပါ ထည့်တွက်ရင်ပေါ့ ၊ ခင်ဗျားဟာ ဘောလုံး ရာသီ တခုကို ဒေါင်ဒေါင်မြည် ထိပ်တန်းတိုက်စစ်မှူး တဦးမှ မပါပဲ ဖြတ်သန်းနေရသလို ဖြစ်နေပါပြီ ။ ”

” ဒါက ဇဝေဇဝါ ဖြစ်စရာပါ ။ စဉ်းစားကြည့်ပါဦး ။ သန်း ၆၀၀ကျော် သုံးပြီးမှ ဂိုးသွင်းနိုင်တဲ့ အထောင် တိုက်စစ် တယောက်မှ မပါနေတာမျိုးကိုပေါ့ ။ ဒီရာသီ ချဲလ်ဆီးရဲ့ ပြဿနာက ဂိုးမသွင်းနိုင်တာပါ ။ ပရီးမီးယားလိဂ်မှာတောင် သူတို့ဟာ တပွဲ တဂိုးနှုန်းတောင် သွင်းချင်မှ သွင်းနိုင်တာပါ ။ ”

” လက်ရှိ အသင်းဟာ ချဲလ်ဆီး ဆိုတဲ့ ကြီးကျယ်တဲ့ ကလပ် အသင်း ပုံစံမျိုး မပေါက်နေပါဘူး ။ အသင်း အပေါ်မှာ သုံးစွဲထားတဲ့ ငွေပမာဏကို ကြည့်ရင်ပေါ့ ။ ဒါက ကြီးမားတဲ့ ပြဿနာပါပဲ ။ ပေါင်သန်း ၆၀၀ သုံးပြီး ၊ တိုက်စစ်မှူး တဦးမှ မခေါ်ထားတာက ရူးလောက်စရာကောင်းပြီး ၊ ဒီနေ့ပွဲက ဒါကို ထင်ဟပ်ပြသွားခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။