မစ်ဒယ်ဘရော့နည်းပြ မိုက်ကယ်ကာရစ်က ချယ်လ်ဆီးအသင်းအား လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့တွင် အနိုင်ရခဲ့ခြင်းမှာ မိမိ၏ နည်းပြဘဝတစ်လျှောက် ဂုဏ်အယူရဆုံးအခိုက်အတန့်တစ်ခုဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းသည် ဇန်နဝါရီ (၉)ရက်က ကစားခဲ့သည့် လိဂ်ဖလားဆီမီး ဖိုင်နယ် ပ-ကျော့ပွဲစဉ်၌ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းတွင် (၁-ဝ) ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် မစ်ဒယ်ဘရော့အသင်းအနေဖြင့် စတန်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ဒု-ကျော့ပွဲစဉ်အတွက် ယုံကြည်မှုပိုရသွားခဲ့ပြီး လိဂ်ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရန် မျှော်လင့်ချက်ပိုမိုအားကောင်းသွားခဲ့သည်။
ထို့ကြောင့် အဆိုပါပွဲစဉ်အပြီးတွင် မစ်ဒယ်ဘရော့နည်းပြ ကာရစ်က အသင်းကစားသမားများကို ချီးကျူးစကားဆိုခဲ့ပြီး မိမိ၏နည်းပြဘဝတွင် ဂုဏ်အယူရဆုံးအခိုက်အတန့်ဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ကာရစ်က “ကျွန်တော့်နည်းပြဘဝတစ်လျှောက် ဂုဏ်အယူရဆုံးအခိုက်အတန့်တစ်ခုပါပဲ။ အသင်းကစားသမားတွေအနေနဲ့ စည်းကမ်းတိကျစွာနဲ့ ကစားနိုင်ခဲ့သလို၊ နည်းစနစ်ပိုင်းအရလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အနာဂတ်မှာလည်း အခုလိုမျိုး ထပ်ပြီး စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။