ချယ်လ်ဆီးအသင်းသည် မေလက ရရှိခဲ့သည့် ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားအတွက် အောင်ပွဲခံအခမ်းအနားကို စပါးအသင်းနှင့် Mind Series ပွဲ ယှဉ်ပြိုင်မကစားမီ သြ ဂုတ်လ(၄)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် အဆိုပါဆုဖလားအတွက် အောင်ပွဲခံအခမ်းအနားပြုလုပ်ရခြင်းမရှိသေးသောကြောင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို လှည့်ပတ်အောင်ပွဲခံခြင်းနှင့် ယင်းအောင်ပွဲနှင့် ပတ်သက်၍ အင်တာဗျူးဖြေဆိုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။
ချယ်လ်ဆီးအသင်းသည် လန်ဒန်မြို့ခံပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်၊ စပါးတို့နှင့်အတူ Mind Series ဟုအမည်ရသည့် ရန်ပုံငွေခြေစမ်းပွဲတစ်ရပ် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သြဂုတ်(၁)တွင် အာဆင်နယ်နှင့် အဝေးကွင်း၊ သြဂုတ်(၄)တွင် စပါးနှင့် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ရမည့် စပါးနှင့်ပွဲမတိုင်မီ ချန်ပီယံလိဂ်ဖလားအတွက် အောင်ပွဲခံရန် စီစဉ်ခြင်းလည်းဖြစ်သည်။
အဆိုပါ Mind Series ပွဲစဉ်များတွင် ပရိသတ်များကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပြုသွားမည်ဖြစ်ပြီး လက်မှတ်များစတင်ရောင်းချနေပြီဖြစ်သည်။
လက်မှတ်ရောင်းရငွေမှ တစ်စောင်လျှင် (၅)ပေါင်နှုန်းဖြင့် ပြန်လည်လှူဒါန်းသွားမည်ဖြစ်သည်။