ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခွင့်ရသည့်အတွက် မယုံနိုင်လောက်သည်အထိ ပျော်ရွှင်လျက်ရှိကြောင်း ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူက ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် လိုက်ပ်ဇစ်တိုက်စစ်ကစားသမား အန်ကွန်ကူကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဇွန်လ ၂၀ ရက်က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်း အနေဖြင့် အန်ကွန်ကူ၏အပြောင်းအရွှေ့အတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက အကြိုသဘောတူညီမှု ရရှိခဲ့ပြီး ခြောက်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမည်ဖြစ်သည်။
“ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းခွင့် ရလို့ မယုံနိုင်လောက်အောင် ပျော်ရွှင်မိပါတယ်။ ကျွန်တော့်ကို အသင်းထံ ခေါ်ဆောင်ခဲ့တာဟာ ကြီးမားတဲ့ အားထုတ်ကြိုးပမ်းမှုတစ်ခုပါပဲ။ ကျွန်တော့်ရဲ့နည်းပြသစ်၊ အသင်းဖော်သစ်တွေနဲ့ တွေ့ရဖို့ မျှော်လင့်စောင့်စားနေမိပါတယ်။ ကွင်းထဲမှာ ကျွန်တော် ဘာတွေလုပ်နိုင်သလဲဆိုတာ ချယ်လ်ဆီးပရိသတ်တွေကို ပြသသွားမှာပါ။ ပြင်သစ်လီဂူးနဲ့ ဘွန်ဒစ်လီဂါမှာ ကစားခဲ့ပြီးပါပြီ။ ကမ္ဘာ့အပြင်းထန်ဆုံးလိဂ်တွေထဲက တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကျွန်တော် ကစားရတော့မှာပါ။ ဒီစိန်ခေါ်မှုအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပြီး ချယ်လ်ဆီးအသင်းဂျာစီကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ပါမယ်”ဟု အန်ကွန်ကူက ချယ်လ်ဆီးအသင်း ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

အန်ကွန်ကူသည် ပြင်သစ်လက်ရွေးစင် အသင်းအတွက် ၁၀ ပွဲ ကစားထားပြီး လာမည့် ဇူလိုင်လ ၁ ရက်တွင် ချယ်လ်ဆီးအသင်း နှင့် တရားဝင်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၅ နှစ်အရွယ်ရှိ အန်ကွန်ကူ၏ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၂ သန်း ဖြစ်ကြောင်း BBC Sports က ဖော်ပြခဲ့သည်။

၎င်းသည် ပြီးခဲ့သည့်ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ၂၅ ပွဲကစားရာ၌ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး မေလက ချယ်လ်ဆီးအသင်းနည်းပြအဖြစ် ပိုချက်တီနို တာဝန်ယူပြီးနောက် ပထမဆုံးကစားသမားခေါ်ယူမှုလည်းဖြစ်သည်။ အန်ကွန်ကူသည် PSG အသင်းတွင် ကစား ခဲ့သည့် လေးနှစ်တာကာလအတွင်း အမှတ်ပေးဖလား သုံးကြိမ်နှင့် ပြင်သစ်ဖလား နှစ်ကြိမ် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် လိုက်ပ်ဇစ်အသင်းသို့ ရောက်ရှိကာ ဂျာမန်ဖလားနှစ်လုံး ဆွတ်ခူးရယူနိုင်ခဲ့သည်။
အန်ကွန်ကူသည် ပြီးခဲ့သည့်နှစ်က ပြင်သစ်အသင်းနှင့် ပွဲထွက်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေထောက် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည်။