ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူး လူကာကူက လက်ရှိအသင်းတွင် မပျော်ရွှင်ကြောင်း အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ(၂၈ နှစ်)သည် ပြီးခဲ့သည့်နွေရာသီကမှ ချယ်လ်ဆီးအသင်းထံ တစ်ကျော့ပြန် ပြောင်းရွှေ့လာသူဖြစ်ပြီး ရာသီအစပိုင်း၌ ဂိုးများဆက်တိုက်သွင်းယူကာ ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းတွင် (၃)လ ကျော် ဂိုးပေါက်ပျောက်ဆုံးသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
ယခုအခါ ပရီးမီးယားလိဂ်နှစ်ပွဲဆက် ဂိုးပြန်သွင်းနိုင်ခဲ့ခြင်းကြောင့် နည်းပြ တူဟယ်လ်၏ ချီးကျူးခံခဲ့ရသော်လည်း ချယ်လ်ဆီးအသင်းတွင် မပျော်ရွှင်ကြောင်း အံ့အားသင့်ဖွယ် ပြောကြားခဲ့ခြင်းဖြစ်သည်။
Sky Sports နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် လူကာကူက ”ကျွန်တော့်ရဲ့ ရုပ်ပိုင်းအနေအထားက ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းမှာ ရင်ဆိုင်နေရတဲ့ အခြေအနေကို ကျွန်တော် မပျော်ရွှင်ပါဘူး။ တူဟယ်လ်က တခြားပုံစံတစ်မျိုးနဲ့ ကစားဖို့ ရွေးချယ်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော် အရှုံးမပေးပါဘူး။ မပျော်ရွှင်ပေမဲ့ ပရော်ဖက်ရှင်နယ်ပီသစွာ ဆက်ပြီးလျှောက်လှမ်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။
လူကာကူသည် အင်တာမီလန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင်(၉၇.၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးတန်ဖိုးအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ယင်းသို့ ပြောင်းရွှေ့စဉ်က ချယ်လ်ဆီးအသင်းသည် နှလုံးသားထဲတွင် ရှိနေသည့်အသင်းဖြစ်သောကြောင့် အင်တာမီလန်အသင်းကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
ယခုအခါ ၎င်းက ”ကျွန်တော့်ရဲ့ နှလုံးသားအောက်ခြေကနေ အမှန်တကယ်မျှော်လင့်တာက အင်တာမီလန်အသင်းမှာ ပြန်ကစားဖို့ပါ။ ကစားသမားဘဝ အဆုံးသတ်ချိန်မှာ မဟုတ်ပါဘူး။ ထိပ်တန်းခြေစွမ်းရှိနေစဉ်မှာ အောင်ပွဲတွေ ထပ်ယူသွားချင်တာပါ။ အချိန်အခါမသင့်ဘဲ ပြောခဲ့မိတဲ့ စကားအမှားတွေအတွက်တော့ အင်တာပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ အင်တာက ကျွန်တော့်နှလုံးသားထဲ အမြဲရှိနေတာပါ”ဟု ပြောကြားခဲ့သည်။