ချယ်လ်ဆီးအသင်း၏ ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေးရှင် ကစားသမားတစ်ဦးဖြစ်သူ လူကာကူက သူသည် တစ်ချိန်က ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့တွင် အောင်မြင်မှုရရှိရန် ရုန်းကန်ခဲ့ရဖူးသော်လည်း ယခုအချိန်တွင် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ချယ်လ်ဆီးအသင်းတွင် ကစားသမားဘဝကုန်ဆုံးသည်အထိ ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် လူကာကူအား အဲဗာတန်အသင်းထံသို့ ရောင်းထုတ်ခဲ့ပြီးနောက် လူကာကူသည် ခြေစွမ်းပြကစားနိုင်ခဲ့သဖြင့် မန်ယူအသင်းက ပေါင် (၇၅) သန်းဖြင့် ခေါ်ယူခဲ့သည်။
သို့ရာတွင် မန်ယူအသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ အင်တာမီလန်အသင်းထံသို့ ရောင်းထုတ်ခံခဲ့ရပြီး ယခုအချိန်တွင် အင်တာမီလန်အသင်းထံမှ ပေါင် (၉၇.၅)သန်းဖြင့် ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
လူကာကူသည် အင်တာမီလန်အသင်းတွင် ခြေစွမ်းပြဂိုးများသွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့သည့်ရာသီကလည်း အင်တာမီလန်အသင်းကို စီးရီးအေအမှတ်ပေးချန်ပီယံ ဆုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သည်။
အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူး လူကာကူသည် ယခုအချိန်တွင် ချယ်လ်ဆီးအသင်းနှင့် (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကာ “ကျွန်တော့်ရဲ့ လက်ကျန်ကစားသမားဘဝတစ်ခုလုံးကို ဒီအသင်းမှာ ဖြတ်သန်းသွားဖို့ စဉ်းစားထားပြီး ဒီအပြောင်းအရွှေ့က ကျွန်တော့်အတွက် မှန်ကန်တဲ့အပြောင်းအရွှေ့တစ်ခုပါ။ ကျွန်တော် အခုအချိန်မှာ ပိုပြီးရင့်ကျက်တဲ့၊ ပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်နေပါပြီ။ ကျွန်တော် ဒီအသင်းကိုပြန်လာတာက အသင်းအတွက် တစ်ခုခုလုပ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ဖြစ်ပြီး နည်းပြကလည်း ကျွန်တော့်ကို ခြားနားတဲ့အရာတွေကို ဖန်တီးဖို့ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်က ချယ်လ်ဆီးအသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ မတူခြားနားတဲ့ ကစားသမားတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဒီအသင်းကိုပြောင်းလာတာက ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ သက်သေပြဖို့ ပြောင်းလာတာမဟုတ်ပါဘူး။ ကျွန်တော်က ပိုပြီးတော့ နည်းစနစ်၊ နည်းဗျူဟာ ကြွယ်ဝတဲ့လိဂ်တစ်ခုမှာ အောင်မြင်ခဲ့တဲ့ အတွေ့အကြုံ ရှိပါတယ်။ ပရီးမီးယားလိဂ်ကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော် ပုံမှန်စောင့်ကြည့်ခဲ့ပြီး ကစားသမားတွေ ကလည်း ပိုကောင်းလာကြတယ်။ အသင်းတွေကလည်း ပိုကောင်းလာကြတယ်။ ကျွန်တော် ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေပါပြီ။ အီတလီမှာ ကစားခဲ့တဲ့ မိနစ်တိုင်းအတွက် ကျွန်တော်ကျေနပ်ပြီး အီတလီမြေက ကျွန် တော့်ကို ပိုမိုပြည့်စုံတဲ့ ကစားသမားတစ်ဦးဖြစ်လာစေပါတယ်”ဟု ပြောကြားခဲ့သည်။
လူကာကူသည် ချယ်လ်ဆီးအသင်းတွင် ကျောနံ ပါတ် (၉)ကို ဝတ်ဆင်ကစားသွားမည်ဖြစ်ပြီး အာဆင်နယ်အသင်းနှင့်ကစားမည့် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် တွင် ပါဝင်ကစားဖွယ်ရှိနေကြောင်း သိရှိရသည်။