ဗြိတိန်အားကစားမီဒီယာ Sky Sports က ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် စိတ်ဝင်စားသူ (၁၀)ဦးအထိ ရှိနေပြီး အမှန်တကယ်ဝယ်ယူနိုင်ခြေအများဆုံးမှာ အမေရိကန်လုပ်ငန်းရှင်များဖြစ်သည်ဟု သုံးသပ်ဖော်ပြခဲ့သည်။
ရုရှားသူဌေး အေဘရာမိုဗစ်ချ်သည် ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်စစ်ဆင်နွှဲနေခြင်းကြောင့် ဗြိတိန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည့်အတွက် ချယ်လ်ဆီးအသင်းကို ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်တွင် ပေါင်သန်း(၁၄၀)ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ၎င်း၏ငွေကြေးထဲမှ စိုက်ထုတ်သုံးစွဲခဲ့သည်မှာ ပေါင်(၁.၅)ဘီလီယံဝန်းကျင်ရှိကြောင်း သိရသည်။
သို့သော် အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းကို ပေါင်(၃)ဘီလီယံဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ပြီး ရရှိသည့်ငွေကြေးကို စစ်ဘေးသင့်ယူကရိန်းပြည်သူများထံ လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
အေဘရာမိုဗစ်ချ် အလိုရှိသည့်ငွေကြေးမှာ ချယ်လ်ဆီးအသင်း၏ လက်ရှိကာလပေါက်စျေးဖြစ်သော်လည်း အရောင်းအဝယ်ဖြစ်ရန် မလွယ်ကူသည့် စျေးနှုန်းဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေသူအများစုက ယင်းပမာဏအထိ ပေးချေလိုခြင်းမရှိသော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပေါင်(၂.၅)ဘီလီယံဖြင့် ကမ်းလှမ်းသူရှိခဲ့ကြောင်း၊ အေဘရာမိုဗစ်ချ်က ငြင်းပယ်ခဲ့ကြောင်း သတင်းထွက်ခဲ့သည်။
ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေသူများထဲတွင် အမေရိကန်အားကစားလောက၌ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားသူ အမေရိကန်ဘီလျံနာ တော့ဒ်ဘိုလီလည်း ပါဝင်ပြီး ၎င်းသည် လွန်ခဲ့သည့်(၃)နှစ်က ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ကြိုးပမ်းခဲ့ဖူးသူလည်းဖြစ်သည်။
၎င်းက လက်ရှိ အချိန်တွင် ဆွစ်ဇာလန်ဘီလျံနာ ဟန်စ်ဂျော့ဗစ်နှင့်ပူးပေါင်းကာ ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းကို ဝယ်ယူလိုသူများထဲတွင် အမေရိကန်လုပ်ငန်းရှင်များ အများဆုံး ပါဝင်နေသော်လည်း တူရကီလုပ်ငန်းရှင် မူဆင်ဘေရက်၊ ဗြိတိန်၏အချမ်းသာဆုံးပုဂ္ဂိုလ် ဆာဂျင်မ်ရက်ကလစ်ဖ်၊ အီဂျစ်လုပ်ငန်းရှင် လော့တ်ဖီမန်ဆာတို့ ပါဝင်နေကြောင်းလည်း သိရသည်။
၎င်းတို့အနက် အမေရိကန်လုပ်ငန်းရှင် မိုက်ကယ်ရူဘင်၏ ပြောရေးဆိုခွင့်ရှိသူကမူ ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။
၎င်းက ”မိုက်ကယ်က ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ စိတ်မဝင်စားပါဘူး။ လက်ရှိစီးပွားရေးလုပ်ငန်းတွေကိုပဲ (၁၀၀%)အာရုံစိုက်ထားပြီး ဒီအချိန်မှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်လုပ်ဖို့ စိတ်မဝင်စားပါဘူး”ဟု ပြောကြားခဲ့သည်။
သို့သော် ပရီးမီးယားလိဂ်၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြသည့် အမေရိကန်လုပ်ငန်းရှင်များ၏ ရှေ့ဆောင်လမ်းပြမှုကြောင့် ချယ်လ်ဆီးအသင်းကို ဝယ်ယူလိုသည့် အမေရိကန်လုပ်ငန်းရှင်များစွာ ကျန်ရှိနေဆဲဖြစ်သလို၊ ဝယ်ယူနိုင်ခြေအလားအလာအများဆုံးဖြစ်နေသည်ဟုလည်း Sky Sports က သုံးသပ်ခဲ့ခြင်းဖြစ်သည်။