ချယ်လ်ဆီးနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က နာပိုလီတိုက်စစ်မှူး အိုဆင်မန်အနေဖြင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ပါက ရုန်းကန်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ အိုဆင်မန်သည် နာပိုလီအသင်းတွင် အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး ချယ်လ်ဆီးအသင်းက ၎င်းကိုခေါ်ယူရန် ပစ် မှတ်ထားနေကြောင်း သိရှိရသည်။
ဂလင်းဂျွန်ဆင် က “နာပိုလီအသင်းမှာ အိုဆင်မန် ဘယ်လိုပြဿနာတွေပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် သူ့အနေနဲ့ ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ သူ့အနေနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာမယ်ဆိုရင် ရုန်းကန်ရမှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ချယ်လ်ဆီးအသင်းက ပြန်လည်တည်ဆောက်ဆဲ အခြေအနေမှာပဲ ရှိနေသေးတာကြောင့်ပါ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ချယ်လ်ဆီးအသင်းဟာ အရင်လိုပြန်ကောင်းလာမှာပါ”ဟု ပြောကြားခဲ့သည်။
အိုဆင်မန်သည် နာပိုလီအသင်းတွင် ခြေစွမ်းပြနေသည့်ကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏ခြေစွမ်းကြောင့် အသင်းကြီးများကခေါ်ယူရန် စိတ်ဝင်တစားစောင့်ကြည့်ခြင်း ခံနေရသူတစ်ဦးဖြစ်သည်။