ချယ်လ်ဆီးဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက အသင်းနှင့်အတူ ချန်ပီယံဆုဖလားများ ရယူသွားလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၃၆)နှစ်အရွယ်ရှိ ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်းတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။
သီယာဂိုဆေးလ်ဗားသည် ကစားသမားဘဝတွင် အေစီမီလန်၊ PSG အသင်းများနှင့်အတူ ဆုဖလားများ ရရှိခဲ့သူဖြစ်ပြီး ယခုအခါ ချယ်လ်ဆီးအသင်းနှင့်အတူ အင်္ဂလန်တွင် ဆုဖလားများ ရယူသွားရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
“အေစီမီလန်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုနဲ့ အီတလီစူပါဖလားကို ရရှိခဲ့ပါတယ်။ PSG အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလားကလွဲရင် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ အခု ချယ်လ်ဆီးအသင်းနဲ့အတူ ကျွန်တော် အလိုချင်ဆုံးက ပရီးမီးယားလိဂ်ချန်ပီယံဆုပါ။ ပြီးတော့ ချန်ပီယံလိဂ်ဖလားကိုလည်း လိုချင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြိုင်ပွဲစုံမှာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော့်ကို ယုံကြည်စွာ ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းမှာ ကျွန်တော့်နာမည်ကို ချန်ထားရစ်ခဲ့ချင်ပါတယ်။ အဲဒီအတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု သီယာဂိုဆေးလ်ဗားက ပြောကြားခဲ့သည်။
သီယာဂိုဆေးလ်ဗားသည် ချယ်လ်ဆီးအသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနည်းပြ လမ်းပတ်က ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)အပြီးတွင် ရမှတ် (၂၂)မှတ်ဖြင့် အဆင့် (၇)နေရာ၌ ရပ်တည်နေပြီး အဆင့်(၁)နေရာမှ လီဗာပူးလ်အသင်း(၂၈ မှတ်)နှင့် (၆)မှတ် ကွာဟနေသည်။
ထို့ပြင် ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက် (၁၆)သင်းအဆင့် တက်ရောက်ထားပြီး စပိန်ထိပ်သီးကလပ် အက်သလက်တီကိုအသင်းနှင့် တွေ့ဆုံနေသည်။