ပြီးခဲ့သည့် လန်းစ်အသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် (၁-၁)ဂိုးစီသရေကျပြီးနောက် PSG အသင်းသည် ပြင်သစ်လီဂူးချန်ပီယံဆုကို စံချိန်တင် (၁၀)ကြိမ်မြောက်ရရှိခဲ့သော်လည်း PSG အသင်း ကြယ်ပွင့်ကစားသမားများနှင့် ပရိသတ်များအကြား သဘောထားတင်းမာမှုမြင့်တက်နေဆဲဖြစ်သည်။
အဆိုပါ ချန်ပီယံဆုအောင်ပွဲခံအခမ်းအနားတွင် PSG အသင်းပရိသတ်များသည် ကွင်းအတွင်း ကစားသမားများနှင့် အတူတကွအောင်ပွဲမခံဘဲ ကွင်းပြင်ပသို့ထွက်ခွာ၍ အကြီးအကျယ်အောင်ပွဲခံခဲ့သည်။
PSG အသင်းပရိသတ်များသည် လန်းစ်အသင်းနှင့်ပွဲစဉ်ပြီးဆုံးရန် (၁၀)မိနစ်အလိုကတည်းက ကွင်းအတွင်းမှထွက်ခွာ၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
PSG အသင်းပရိသတ်များသည် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရသည့်နောက်ပိုင်းကစားသော ပွဲစဉ်များတွင် အသင်းကစားသမားများနှင့် ဆက်ဆံရေးတင်းမာနေပြီး ပွဲမပြီးမီ ကွင်းအတွင်းမှထွက်ခွာ၍ ဆန္ဒပြနေခြင်းဖြစ်သည်။
ထို့ပြင် PSG အသင်း ဂိုးသွင်းယူသည့်အချိန်တချို့တွင်လည်း အောင်ပွဲခံခြင်းမရှိဘဲ လှောင်ပြောင်မှုများပြုလုပ်ခဲ့ဖူးသည်။
ယခုအခါ လန်းစ်အသင်းနှင့်ပွဲစဉ်တွင် ပွဲမပြီးမီ ကွင်းပြင်သို့ထွက်ခွာ၍ ကစားသမားများကို ဆန္ဒပြခဲ့သလို၊ ပွဲချိန်အတွင်းတွင်လည်း လှောင်ပြောင်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
PSG အသင်းပရိသတ်များ၏ လုပ်ရပ်အပေါ် နည်းပြ ပိုချက်တီနိုက နားလည်ပေးခဲ့သော်လည်း နေမာ၊ ဘာပေ၊ ဗာရက်တီစသည့် ကစားသမားများက ပြစ်တင်ခဲ့သည်။
”ကျွန်တော်တို့က ပရိသတ်တွေနဲ့ ခက်ခဲတဲ့ အချိန်တွေ ဖြတ်သန်းနေရပြီး မကြာခင်အဆင်ပြေသွားမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီမိုကရေစီခေတ်ကြီးထဲ နေထိုင်နေတာဖြစ်လို့ ဘယ်လိုဆန္ဒထုတ်ဖော်မှုမျိုးကိုမဆို လက်ခံရပါမယ်” ဟု ပိုချက်တီနိုက ပြောခဲ့သည်။
နေမာက ”ကျွန်တော်က ဒီအသင်းနဲ့ စာချုပ်သက်တမ်းကျန်နေပါသေးတယ်။ ပြီးတော့ ဒီအသင်းမှာ ကစားလာတာလည်း (၃)နှစ်ကျော်နေပါပြီ။ လှောင်ပြောင်တာတွေ ရပ်ပါတော့” ဟု ပြောကြားခဲ့သည်။
ဗာရက်တီကလည်း ”ပရိသတ်တွေက ကျွန်တော်တို့နဲ့ ဘာလို့ အောင်ပွဲမခံတာလဲ။ ကျွန်တော်နားမလည်နိုင်ပါဘူး။ ဘောလုံးမှာ နိုင်တာရှိသလို၊ ရှုံးတာလည်းရှိပါတယ်။ ကျွန်တော်တို့က သာမန်လူသားတွေဖြစ်ပြီး ကျရှုံးချိန်ဆိုတာရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၁၀)ကြိမ်မြောက်ချန်ပီယံဆုဖလားဆိုတာ အရေးကြီးတယ်မဟုတ်လား”ဟု ပြောကြားခဲ့သည်။
ဘာပေကမူ ”ကျွန်တော်တို့ ကိုယ့်ဘာသာ အောင်ပွဲခံကြမယ်။ ကျွန်တော့်ရဲ့ ကြည်နူးမှုကို ဘယ်သူမှ ဖျက်ဆီးလို့မရပါဘူး။ ကျွန်တော်တို့နာမည်ကို သမိုင်းမှာကျန်ရစ်အောင် ပြုလုပ်နိုင်ခဲ့ပါပြီ။ ကျွန်တော့်အတွက်တော့ ပရိသတ်တွေရဲ့ အပြုအမူဟာ ဘာသက်ရောက်မှုမှမရှိပါဘူး။ ချန်ပီယံဆုရလို့ ကျွန်တော် သိပ်ပျော်ပါတယ်”ဟု ပြောကြားခဲ့သည်။