အင်တာမီလန်အသင်းနည်းပြချုပ် အင်ဇာဂီက သူကိုင်တွယ်သော အသင်းတစ်သင်းကိုချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ အရောက်ပို့နိုင်ခြင်းသည် ၎င်းအတွက် အိပ်မက်တစ်ခုသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်တာသည် ဘင်ဖီကာကို နှစ်ကျော့ပေါင်း ၅-၃ ဂိုးဖြင့်အနိုင်ရပြီး နောက်တစ်ဆင့်တက်လာခြင်း ဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
“ဘင်ဖီကာအသင်းက ကစားရတာခက်ခဲတဲ့အသင်းဖြစ်ပါတယ်။ အခုလို ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တဲ့အတွက် အများကြီးပျော်ပါတယ်။ အရင်ကတော့ဆီမီးဖိုင်နယ်တက်ဖို့ဆိုတာ အိပ်မက်တစ်ခုဖြစ်ပါတယ်။ အင်တာက ဒီနှစ်မှာ ထိုက်ထိုက်တန်တန် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီလိုညနေခင်းမျိုးကို ရရှိဖို့ အင်တာမီလန်က တစ်ဆင့်ချင်းကြိုးစားခဲ့ရပါတယ်။ အင်တာမီလန်က အုပ်စုအဆင့်မှာ ဘိုင်ယန်နဲ့ ဘာဆာတို့ပါဝင်တဲ့ခက်ခဲတဲ့အုပ်စုအတွင်းကနေ ရုန်းကန်ပြီး ဒီအဆင့်အထိတက်လာတာ ဖြစ်ပါတယ်။ ဝေဖန်မှုတွေကို စိတ်မဝင်စားပါဘူး။ အင်တာမီလန်က ဘယ်လိုအနေအထားကနေ ကြိုးစားလာရတာလဲ ဆိုတာကို ကျွန်တော်ကောင်းကောင်းသိပါတယ်”ဟု အင်ဇာဂီက ပြောဆိုလိုက်သည်။