မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ချန်ပီယံလိဂ်ဝင်ခွင့်နေရာမှာ မိမိတို့နှင့်ထိုက်တန်မှုရှိပြီး လက်ရှိအချိန်တွင် အရေးကြီးဆုံးလုပ်ရမည့်ကိစ္စဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ် နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သောကြောင့် အဆင့် ၄ နေရာတွင် ဆက်လက်ရပ်တည်နေသော်လည်း အဆင့် ၅ နေရာမှ လီဗာပူးလ်အသင်းနှင့် တစ်ပွဲလျော့၊ တစ်မှတ်သာကွာဟတော့သည်။ သို့ဖြစ်ရာ လက်ကျန်လေးပွဲတွင် အနည်းဆုံးသုံးပွဲ အနိုင်ရမှသာ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် သေချာမည်ဖြစ်သောကြောင့် ဘရူနိုဖာနန်ဒက်စ်က ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရချင် ပါတယ်။ အသင်းကလည်း အဲဒီနေရာနဲ့ ထိုက်တန်မှုရှိပါတယ်။ ဒီအသင်းက ဒီလိုနေရာမှာ ရှိနေရမှာပါ။ ကစားသမားတွေကလည်း ဒီနေရာမှာရှိနေဖို့ ထိုက်တန်မှုရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မန် ယူနိုက်တက်အနေနဲ့ ထိပ်ဆုံးလေးသင်းဝင်ခွင့်အတွက် တိုက်ပွဲဝင်နိုင်လိမ့်မယ်လို့ ဘယ်သူမှထင်မထားတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းမွန်တဲ့အလုပ်တွေလုပ်ပြီး အသင်းကြီး တစ်သင်းအဖြစ် ရှိနေလို့ပါပဲ။ အခုအချိန်မှာ လူတိုင်းက အိုး . . . မန်ယူနိုက်တက်က အရမ်းကောင်းတာပဲ လို့ ပြောနေကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ရာသီစတင်ချိန် မှာ ကျွန်တော်တို့အသင်းကို ထိပ်ဆုံးခြောက်သင်းစာရင်းထဲ ဘယ်သူမှထည့်မထားဘူးဆိုတာ မှတ်မိနေပါသေးတယ်။ အဲဒါကြောင့် အခုလိုရပ်တည်နေနိုင်တာ သူတို့အတွက် အံ့အားသင့်စရာဖြစ်နေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ သိပ်မထူးခြားပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာ၊ အမှတ်ပေးပြိုင်ပွဲမှာ ပိုမြင့်တဲ့အဆင့် ရောက်နေနိုင်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့မှာ အခိုက်အတန့်တချို့ (ရလဒ်ပိုင်းကျဆင်းမှု) ရှိခဲ့တာကြောင့် ထိပ်ဆုံးလေးသင်းနေရာအတွက် တိုက်ပွဲဝင်နေရတာပါ။ ဒါပေမဲ့ ဒီအသင်းနဲ့ ဒီကစားသမားတွေက မကြာခင်မှာ ပိုကြီးမားတဲ့အရာတွေအတွက် တိုက်ပွဲဝင်ရတော့မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘရူနိုဖာနန် ဒက်စ်က ဆိုသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ် လက်ကျန်လေးပွဲအဖြစ် ဝုလ်ဗ် (ယနေ့ည ၈:၃၀)၊ ချယ်လ်ဆီး (မေ ၂၅ ရက်)၊ ဖူလ်ဟမ် (မေ ၂၈ ရက်) တို့နှင့် အိမ်ကွင်း၊ ဘုန်းမောက် (မေ ၂၀ ရက်) နှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။