PSG – ဘာစီလိုနာ (မြန်မာစံတော်ချိန် မတ်လ ၁၁ ရက် နံနက် ၂:၃၀ နာရီ)
ပထမအကျော့မှာ ဘာပေသွင်းယူခဲ့တဲ့ ဟက်ထရစ်နဲ့ အဝေးကွင်း (၁-၄)ဆိုတဲ့ နိုင်ပွဲက PSG ကို ကွာတားဖိုင်နယ်အဆင့်အထိ ပို့ပြီး သားဖြစ်နေပြီလို့တောင် ပြောလို့ရတယ်။ နေမာ မကစားနိုင်ခဲ့ပေမဲ့ အကောင်းဆုံးပုံစံနဲ့ ကျော်ဖြတ်နိုင်ခဲ့သလို ဒီပွဲလည်း နေမာ မကစားနိုင်သေးတာ ပြဿနာမရှိဘူး။ ဘာစီလိုနာက နောက်ပိုင်းပွဲတွေမှာ သိသိသာသာ ခြေတက်လာပြီး ခံစစ်ပိုင်းမှတ်တမ်းလည်း ကောင်းလာတာတွေ့ရတယ်။ ဒါပေမဲ့ နောက်တစ်ဆင့် တက်ဖို့လောက်အထိတော့ PSG အမှားကျူးလွန်မှာမဟုတ်လောက်ဘူး။ ၂၀၁၆-၁၇ ရာသီတုန်းက မထင်မှတ်တာလုပ်ပြနိုင်ခဲ့ဖူးပေမဲ့ ဒါမျိုးက အမြဲတမ်းလုပ်ပြနိုင်လေ့ရှိတဲ့ ကိစ္စမဟုတ်သလို၊ ကွင်းအခြေအနေလည်း ကွာပါတယ်။ ကွာတားဖိုင်နယ်အတွက် မဟုတ်ဘဲ ဒီပွဲအနိုင်အရှုံးအတွက်ပဲ စဉ်းစားမယ်ဆိုရင်တော့ ဘာစီလိုနာမှာ အားသာချက်တချို့ရှိတာတွေ့ရတယ်။ အုပ်စုအဆင့်တုန်းကလည်း ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီရှုံးပွဲမတိုင်ခင် အဝေးကွင်းမှာတော့ ဘာစီလိုနာ အကောင်းဆုံးပုံစံ ပြနိုင်ခဲ့တယ်။ PSG ကို ဂိုးပြတ် ရှုံးခဲ့တဲ့ပွဲတုန်းကလည်း ဘာစီလိုနာ ကစားတာ အရမ်းညံ့ခဲ့တာမျိုးမဟုတ်ဘဲ ခံစစ်ပိုင်း ပြဿနာကြောင့်သာ ဂိုးတွေပေးလိုက်ရခြင်းဖြစ်တယ်။ ဒီပွဲက သရေလောက်ပဲ ဖြစ်မယ်ထင်တယ်။
လီဗာပူးလ် – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မတ်လ ၁၁ ရက် နံနက် ၂:၃၀ နာရီ)
ပထမအကျော့ အဝေးကွင်း နိုင်ပွဲကြောင့် လီဗာပူးလ်က ဒီပွဲအတွက် အားသာချက် ရှိနေပြီးသားပါ။ လက်ရှိ လီဗာပူးလ်ရဲ့ ခြေစွမ်းက အကောင်းဆုံးအနေအထားမဟုတ်တာ မှန်ပေမဲ့ ချန်ပီယံလိဂ်မှာတော့ လီဗာပူးလ်သွားနေတဲ့ ခရီးလမ်းက ဖြောင့်ဖြူးနေဆဲဖြစ်တယ်။ လုံလောက်တဲ့ ခြေစွမ်း၊ ရလဒ်၊ အရှိန်အဝါလည်း ရှိတယ်။ လိုက်ပ်ဇစ်က အသင်းကောင်းတစ်သင်းဆိုပေမဲ့ လီဗာပူးလ်ပဲ အားသာနေပါတယ်။