ရီးယဲလ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာသည် ရှာရစ်ဖ် အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းပြီးနောက် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းတွင် အသင်းဂန္ထဝင်ကစားသမား ရာအူးလ်ကို ကျော်ဖြတ်ကာ အဆင့်(၄)နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ (၂၈)ရက်က ကစားခဲ့သည့် ရီးယဲလ်မက်ဒရစ် (၁-၂) ရှာရစ်ဖ်ပွဲတွင် ဘန်ဇီမာသည် ရီးယဲလ်အသင်းအတွက် ပွဲချိန် (၆၅)မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။
ယင်းဂိုးမှာ ဘန်ဇီမာအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၇၂)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ရီးယဲလ်နှင့် စပိန်ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်(၇၁ ဂိုး)ကို တစ်ဂိုးအသာနှင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘန်ဇီမာသည် ချန်ပီယံလိဂ်သွင်းဂိုး (၇၂)ဂိုးတွင် လိုင်ယွန်အသင်း၌ ကစားစဉ်က (၁၂)ဂိုးနှင့် ရီးယဲလ်၌ ဂိုး (၆၀)သွင်းယူခဲ့ခြင်းဖြစ်သည်။
ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းတွင် မန်ယူတိုက်စစ် မှူး စီရော်နယ်လ်ဒိုက (၁၃၆)ဂိုးဖြင့် နံပါတ်(၁)ေနရာ၌ ရပ်တည်နေသည်။