အာဆင်နယ်နည်းပြ အာတီတာက ချန်ပီယံဆုရယူလိုလျှင် ဂိုးဧရိယာနှစ်ခုစလုံး၌ ယခုထက် ပိုမိုတိုးတက်ရန် လိုအပ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ကြားရက်က ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်(၁၉)တွင် ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိပါက ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်မည်ဖြစ်သော်လည်း ရှုံးနိမ့်ခဲ့သည့်အတွက် လီဗာပူးလ်၏အောက် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
ယင်းပွဲတွင် ဝက်စ်ဟမ်းအသင်းက ဂိုးသွင်းခွင့်(၃)ကြိမ် သာရရှိသော်လည်း (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းမှာ ဂိုးသွင်းခွင့်အကြိမ်(၃၀)တွင် တစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် အာတီတာက ဂိုးဧရိယာနှစ်ခုစလုံး၌ တိုးတက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။ ချန်ပီယံအလားအလာနှင့် ပတ်သက်၍ မေးမြန်းမှုကို အာတီတာက “ကျွန်တော်တို့အနေနဲ့ ဂိုးဧရိယာနှစ်ခုစလုံးမှာ တိုးတက်မှုရှိမလာဘူးဆိုရင် မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ဝက်စ်ဟမ်းအသင်းရဲ့ ဂိုးဧရိယာထဲမှာ ဘောလုံးထိချက်(၇၇)ကြိမ်ရှိခဲ့ပေမဲ့ ဘယ်လိုအဆုံးသတ်သွားခဲ့သလဲဆိုတာ မြင်တွေ့ကြမှာပါ။ ဒီအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတချို့ရှိပေမဲ့ မလုံလောက်ပါဘူး။ ပြိုင်ပွဲရဲ့ အဆင့်အတန်းက မြင့်မားနေတာကြောင့် အားလုံးအတွက် ခက်ခဲနေပါတယ်”ဟု ပြောကြားခဲ့သည်။