အသက် (၆၄)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော အီတလီဂန္ထဝင် ပေါ်လိုရော့စီ၏နာရေးကို ပြီးခဲ့သည့်စနေနေ့၌ ပြုလုပ်ခဲ့ပြီး ယင်းအချိန်တွင် ခိုးယူသူများသည် ပေါ်လိုရော့စီ၏ နေအိမ်အားဖောက်ထွင်းခဲ့ကြောင်း သိရသည်။
၁၉၈၂ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းတွင် သွင်းဂိုးများဖြင့် သူရဲကောင်းဖြစ်ခဲ့သူ ပေါ်လိုရော့စီသည် ပြီးခဲ့သည့်ကြာသပတေးနေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အီတလီအခြေစိုက် Ansa သတင်းအေဂျင်စီ၏ဖော်ပြချက်အရ နာရေးပြီးဆုံးပြီးနောက် နေအိမ်သို့ ပြန်လာချိန်တွင် ဖောက်ထွင်းသူများ ဝင်ရောက်ထားသည်ကို မြင်တွေ့ရပြီး အဖိုးတန်ပစ္စည်းများ ခိုးယူခံရကြောင်း သိရသည်။
ပေါ်လိုရော့စီ၏ ဇနီးဖြစ်သူ ကာပယ်လက်တီကလည်း နေအိမ်ဖောက်ထွင်းခံရကြောင်း အတည်ပြုခဲ့ပြီး ပေါ်လိုရော့စီ အလွန်နှစ်သက်သည့် နာရီနှင့် အခြားအဖိုးတန်ပစ္စည်းများ ခိုးယူခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ကျူးလွန်သူများကို ဒေသခံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လျက်ရှိသည်။
ပေါ်လိုရော့စီတို့မိသားစုသည် ဖလောရင့်မြို့အရှေ့တောင်ဘက်ရှိ Poggio Cennina တွင် နေထိုင်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများလည်းဖြစ်သည်။
ပေါ်လိုရော့စီကွယ်လွန်သည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် စီးရီးအေပွဲစဉ်များတွင် လက်ပတ်အမည်းများ ဝတ်ဆင်၍ ကစားခဲ့ကြသည်။
ထို့ပြင် ပွဲမစတင်မီတွင် တစ်မိနစ်ငြိမ်သက်ခဲ့ပြီး ကွင်းအတွင်း ရုပ်သံပြစက်များ၌လည်း ပေါ်လိုရော့စီ၏ ရုပ်ပုံဖော်ပြ ၍ ”Heroes never die” ဟုရေးသားကာ ဂုဏ်ပြုခဲ့ကြသည်။