KAA ဂျန့် – ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၁၁:၁၅ နာရီ)
ပရီးမီးယားလိဂ်မှာ သေရှင်းရှင်ရေးဖြစ်နေတဲ့ ဝက်စ်ဟမ်းအသင်း အာရုံများနေမှာတော့ သေချာပါတယ်။ ဒါပေမဲ့ နည်းပြ ဒေးဗစ်မွိုက်စ်ရဲ့အနာဂတ်အတွက် အရေးပါနေတာကိုလည်း ထည့်တွက်ရမယ်။ ဒီရာသီ ကွန်းဖရန့်လိဂ်(၁၀)ပွဲစလုံး အနိုင်ကစားထားတဲ့ ဝက်စ်ဟမ်းရဲ့ Form ကလည်း အထင်ကြီးစရာပါပဲ။ ဒါပေမဲ့ ဝက်စ်ဟမ်းဆုံတွေ့ခဲ့တဲ့ ပြိုင်ဘက်တွေထက် KAA ဂျန့်က ပိုသာပါတယ်။ အိမ်ရှင် မရှုံးနိုင်ဘူး။
လက်ချ်ပေါ့နန် – ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဧပြီလ ၁၄ ရက် နံနက် ၁:၃၀ နာရီ)
ဖီအိုရင်တီးနားအသင်း မထင်မှတ်ဘဲ ကိုပါအီတာလီယာနဲ့ အခု ကွန်းဖရန့်လိဂ်စတဲ့ ဖလားပြိုင်ပွဲတွေမှာ အခြေအနေကောင်းနေတယ်။ စပီဇီယာအသင်းနဲ့ မကစားမီ ပြိုင်ပွဲစုံ(၁၁)ပွဲ ဆက်တိုက် အနိုင်ကစားထားတဲ့ ဖီအိုရင်တီးနားရဲ့ခြေစွမ်းကလည်း လက်ချ်ပေါ့နန်အတွက် တားဆီးဖို့ခက်ခဲတာအမှန်ပါပဲ။ ပိုလန်မြေမှာ ကစားရတာကလွဲရင် ဖီအိုရင်တီးနားအသင်းပဲ နိုင်ဖို့များပါတယ်။

ဘေဆယ် – နိုက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၁၄ ရက် နံနက် ၁:၃၀ နာရီ)
နိုက်စ်အသင်းက အခုပြိုင်ပွဲမှာ ဝက်စ်ဟမ်း၊ ဖီအိုရင်တီး နားအသင်းတို့ရဲ့ချန်ပီယံအိပ်မက်ကို ခြိမ်းခြောက်နိုင်စွမ်း အပြည့်အဝရှိတဲ့အသင်းပါ။ အသင်းမှာ ရှမိုက်ကယ်၊ ဒန်တေ၊ တိုဒီဘို၊ ရမ်ဆေး၊ ပေပေ၊ ဘရာဟီမီ၊ ဘာကလေစတဲ့ ကစားသမားကောင်းတွေရှိနေလို့ လူအင်အားကလည်း အတော်တောင့်ပါတယ်။ ဘေဆယ် အိမ်ကွင်းမာကျောမှု လျော့ကျနေလို့ နိုက်စ်ပဲ ကြိုက်တယ်။

အန်ဒါလက်ချ် – အယ်လ်ခမာ (မြန်မာစံတော်ချိန် ဧပြီလ ၁၄ ရက် နံနက် ၁:၃၀ နာရီ)
အန်ဒါလက်ချ်အသင်း ဘယ်လ်ဂျီယံလိဂ်မှာ အရှိန်အဝါ လျော့ကျနေပေမဲ့ ပြီးခဲ့တဲ့အဆင့်မှာ ဗီလာရီးယဲလ်အသင်းကို အဝေးကွင်းမှာ အနိုင်ကစားပြီး ကျော်ဖြတ်လာတာဖြစ်လို့ သိပ် လျှော့တွက်လို့တော့မရဘူး။ အယ်လ်ခမာကလည်း (၁၆)သင်း အဆင့်မှာ စီးရီးအေထိပ်သီးကလပ် လာဇီယိုလိုအသင်းကို နှစ် ကျော့စလုံး အနိုင်ကစားခဲ့တဲ့အသင်းဖြစ်တယ်။ အန်ဒါလက်ချ် မရှုံးလောက်ဘူး။
