မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယမန်နေ့ညက ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရှုံးပွဲကို လာမယ့်ရာသီသစ်အတွက် တွန်းအားတစ်ခုအနေနဲ့ အသုံးချသွားရမယ်လို့ဆိုလာခဲ့ပါတယ်။
ယူနိုက်တက်ကဟာ မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်မှာ ၇-၆ နဲ့အရေးနိမ့်ခဲ့တာကြောင့် တန်ဟက်အနေနဲ့ အခုလို ရှုံးနိမ့်မှုမျိုးက နာကျင်ရတယ်လို့ဝန်ခံခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ပွဲပြီးကာနီး ၈ မိနစ်အလိုမှာ ဂါနာချိုရဲ့ကန်ချက်နဲ့အတူ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် ပွဲပြီးကာနီး ၈၉ မိနစ်မှာ ချေပဂိုး ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ထို့နောက်ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဂျေဒန်ဆန်ချိုနဲ့ ဂျွန်နီအီဗန်စ်တို့က လွဲချော်ခဲ့တာကြောင့် မန်စီးတီးက အသာရခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ တန်ဟက်က “စိတ်ပျက်မိပါတယ်။ ကျွန်တော်အပါအဝင် အသင်းတစ်သင်းလုံးနာကျင်မှုကို ခံစားရပါမယ်။ ဒီရှုံးပွဲကြောင့် အပြုသဘောဆောင်တဲ့အရာတွေ ပြန်ယူဖို့လိုပါတယ်။ ကျွန်တော်တို့ ဒီပွဲကို ၂ ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပြီးမှ ရှုံးနိမ့်ခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်တို့ကစားပုံကောင်းခဲ့ပြီး အပြုသဘောဆောင်တဲ့အရာတွေလည်း မြင်တွေ့ခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကပြိုင်ပွဲစုံ ၈ ဂိုးသာသွင်းယူပြီး ရုန်းကန်ခဲ့ရတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ယခုပွဲစဉ်မှာလည်း အပိုင်အခွင့်အရေးကို ဖြုန်းတီးမိခဲ့ပေမယ့် တန်ဟက်ကတော့ ကစားသမားရဲ့ ယုံကြည်မှုကို ထိခိုက်စေမှာမဟုတ်ဘူးလို့ဆိုပါတယ်။
နယ်သာလန်သားက “ဒီပွဲမှာ ရက်ရှ်ဖို့ဒ်က နေရာယူမှန်တာတွေအများကြီးရှိခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်အရမ်းကျေနပ်ပါတယ်။ သူ ဂိုးတွေသွင်းယူလာနိုင်ပါလိမ့်မယ်။ တစ်ဂိုးသွင်းပြီးတာနဲ့ဂိုးတွေ ဆက်တိုက်ရလာမှာပါ” လို့ပြောကြားခဲ့ပါတယ်။