ကွင်းပိတ်ခြေစမ်းပွဲတွင် ပါဝင်ကစားကာ ခြေစွမ်းပြနိုင်ခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ဘာပေ ပိုလန်နှင့်ပွဲ၌ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ESPN ဖော်ပြ

နှာခေါင်းရိုးကျိုးဒဏ်ရာ ရရှိထားသည့် ပြင်သစ်တိုက်စစ်မှူး ဘာပေသည် အသင်း၏ ကွင်းပိတ်ခြေစမ်းပွဲတွင် ပါဝင်ကစားကာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပိုလန်နှင့် ယှဉ်ပြိုင်ရမည့် အုပ်စုနောက်ဆုံးပွဲ၌ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ESPN က ဖော်ပြခဲ့သည်။

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေသည် အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ(၁၆)ရက်နေ့က သြစတြီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် နှာခေါင်းရိုးကျိုးဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သည်။

myan789

ယင်းဒဏ်ရာမှာ ခွဲစိတ်ကုသမှု ခံယူရခြင်း မရှိသော်လည်း အုပ်စုပွဲစဉ်အားလုံး လွဲချော်ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့သည်။ အနည်းဆုံး(၁၅)ရက်ခန့် အနားယူရမည်ဖြစ်သောကြောင့် ကွာတားဖိုင်နယ်ရောက်မှ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများလည်း ထွက်ပေါ် ခဲ့သည်။

သို့သော် ဘာပေသည် ရက်ပိုင်းအတွင်းမှာပင် လေ့ကျင့်မှုပြန်လည်ပြုလုပ်ခဲ့ပြီးနောက် စနေနေ့က ယှဉ်ပြိုင်ခဲ့သည့် လေ့ကျင့်ရေးခြေစမ်းပွဲတွင် ပါဝင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါခြေစမ်းပွဲမှာ ဂျာမန်ကလပ် ပါဒါဘွန်းအသင်း၏ ယူ-၂၁ အသင်းနှင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး မိနစ်(၃၀)စီ နှစ်ပိုင်းခွဲ၍ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ဘာပေသည် ယင်းပွဲ၌ ပွဲချိန်ပြည့် ပါဝင်ကစားပြီး ကိုယ်တိုင်နှစ်ဂိုးသွင်းယူကာ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဘာပေသည် နှာခေါင်းကို အကာအကွယ် ဖြစ်စေမည့် Mask တပ်ဆင်ကာ ကစားခဲ့ခြင်းဖြစ်ပြီး ယူရို ပြိုင်ပွဲ၌ ပြန်လည်ယှဉ်ပြိုင်နိုင်ခဲ့လျှင်လည်း Mask တပ်ဆင်၍ပင် ကစားရဖွယ်ရှိကြောင်း သိရသည်။

ပြင်သစ်နည်းပြ ဒေးရွှမ့်သည် ပိုလန်နှင့်ပွဲ၌ ဘာပေကို အသုံးပြု၊ မပြုကို နောက်ဆုံးအချိန်မှသာ ဆုံးဖြတ်ဖွယ်ရှိသော်လည်း လက်ရှိအနေအထားအရ ဘာပေ၏ ဆန္ဒကို ဦးစားပေးဖွယ်ရှိကြောင်း ESPN က ဖော်ပြခဲ့သည်။

ပြင်သစ်အသင်းဖော် ချူယာမန်နီကလည်း ဘာပေသည် ယင်း ပွဲ၌ ပါဝင်ကစားရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။  ဘာပေ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုကို ချူယာမန်နီက “လာမယ့်ပွဲမှာ သူ ပါဝင်ကစားချင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ Mask ကိုလည်း သူ တပ်ဆင်ရမှာပါ။ သူက အဲဒါမပါဘဲ ကစားချင်ပေမဲ့ ဆရာဝန်က သူ့ ကို ရွေးချယ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ သူ ကွင်းထဲမှာရှိနေရင် သူက ကျွန်တော်တို့အတွက် အရာများစွာ ဆောင်ယူပေးနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် ဘာပေ မပါဝင်နိုင်သည့်ပွဲတွင် နယ်သာလန်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်အတွက် တိုက်စစ်ပိုင်းအား မေးခွန်းထုတ်ခံခဲ့ရကြောင်းလည်း သိရသည်။ ထို့ပြင် ယင်းပွဲ၌ အပိုင်အခွင့်အရေးများစွာ ဖြုန်းတီးခဲ့သည့် ဂရီးဇ်မန်းမှာလည်း ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular