ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ခြေချင်းဝတ် ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့တဲ့ အတွက် အသင်း အတွက် ပွဲထွက်ခွင့် နည်းပါးခဲ့ သလို ဒီနှစ် မှာလည်း ကိုဗစ် ရောဂါပိုး ကူးစက်မှု ၊ အသေးစား ဒဏ်ရာ ရရှိမှု တွေကြောင့် ပုံမှန် ပွဲထွက်ခွင့် တွေကို ပိုင်ဆိုင် နိုင်ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။
အဲ့ဒီလို အနေအထား တစ်ရပ်မှာ သူကိုယ်တိုင်ကလည်း အသင်း ပြောင်းရွှေ့လိုကြောင်း အရိပ်အမြွတ် ထုတ်ဖော် ပြောကြားခဲ့ သေးပြီး အေးဂျင့် ဖြစ်သူ မီနို ရိုင်အိုလာ ဟာလည်း သူ့ရဲ့ ကစား သမား ဖြစ်သူဟာ အသင်းမှာ မပျော်ရွှင်တော့ကြောင်း ပြောရင်းဖြင့် မီးလောင်ရာ လေပင့်ခဲ့ ပါတယ် ။
ဒါပေမယ့် အခုတော့ ပေါ့ဂ်ဘာက ယူနိုက်တက် အတွက် ပုံစံကောင်း တွေကို ဆက်တိုက် ပြသရင်း ပွဲထွက် ကစားခွင့် ပုံမှန် ရရှိ နေခဲ့ ပါပြီ ။ ဒါပေမယ့် စာချုပ် သက်တမ်း မတိုးမြှင့်ခဲ့ သေးတဲ့ သူ့ရဲ့ အနာဂတ်ဟာ ဘယ်မှာ ရှိမလဲ ဆိုတာတော့ အခုထိ မသေချာ မရေရာ ဖြစ်နေ သေးဆဲ ပါပဲ ။
အခြား တစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ကလည်း အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 11 ပွဲဆက် အထိ ရှုံးပွဲ မရှိအောင် ကစားပြ ထားနိုင် ခဲ့ပြီး အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင် ခဲ့တဲ့ အတွက် ပေါ့ဂ်ဘာ အပါအဝင် ယူနိုက်တက် အသင်းသား တိုင်းက ပျော်ရွှင် နေခဲ့ကြ ပါတယ် ။
အခုတော့ ပေါ့ဂ်ဘာက သူဟာ အမြဲတမ်း ပျော်ရွှင် နေခဲ့ကြောင်း ၊ ကွင်းထဲ ရှိနေသေး သရွေ့ အကောင်းဆုံး ပေးဆပ် ကစားမယ်လို့ ကတိပေး စကား ပြောကြားလိုက်ပြီး အသင်း အတွက် ပွဲထွက် ကစားခွင့် မရရှိပဲ အရံခုံ ပေါ်မှာ ရှိနေရတဲ့ ဘဝကို အလွန်အမင်း မုန်းတီးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” အသင်း နိုင်ပွဲ ရရှိတဲ့ အခါတိုင်းမှာ ကျွန်တော် ပျော်ရွှင်ရ ပါတယ် ။ ဘန်လေ နဲ့ ပွဲစဉ် မှာ ကျွန်တော်တို့ အနိုင် ရရှိ ခဲ့ကြ ပါတယ် ။ ဒီအတွက် ကျွန်တော် အရမ်း ပျော်ရွှင်ခဲ့ ပါတယ် ။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင် ခဲ့တဲ့ အတွက် ၊ အမှတ်ပေး ဇယားကို ဦးဆောင် နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိ ပါတယ် ”
” ဒါပေမယ့် ကျွန်တော် ပြောခဲ့ သလို ပါပဲ ၊ ကျွန်တော်တို့ ခရီး အရှည်ကြီး ရှေ့ဆက် ရပါ ဦးမယ် ။ ရှေ့ဆက်ပြီး ပွဲကြီး ပွဲကောင်း တွေကိုလည်း ကစားရပါဦးမယ် ။ ဒါ့ကြောင့် ကျွန်တော်တို့ တွေဟာ အဲ့တာတွေ အပေါ်မှာလည်း ဆက်လက် အာရုံစိုက် ကြရ ပါဦးမယ် ”
” ကျွန်တော်ရဲ့ ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်း ဆိုင်ရာပါ ခံစားချက်တွေ ကောင်းမွန် နေခဲ့ရ ပါတယ် ။ ကျွန်တော် ပွဲထွက် ကစားခွင့် တွေကို ရရှိ နေခဲ့တယ်လေ ။ ကျွန်တော် ပွဲထွက် ကစားခွင့် တွေကို ရရှိ လေလေ ၊ ပုံစံကောင်း တစ်ခုကို ပိုင်ဆိုင်ခွင့် ရရှိလေလေ ပါပဲ ”
” ခင်ဗျား အတွက်တော့ ပွဲထွက် ကစားခွင့် တစ်ပွဲလောက် ရရှိပြီး နောက်ပွဲ တွေမှာ ပွဲထွက်ခွင့် ဆက်တိုက် ပျောက်ဆုံး ရခြင်းက ကြီးမားတဲ့ ခြားနားချက် တွေကို ဖြစ်ပေါ် စေပါတယ် ။ ပွဲထွက် ကစားခွင့် အချိန် အကြာကြီး မရရှိတာက ပိုပြီးတော့ ဆိုးရွား စေပါတယ် ”
” ဟုတ်ပါတယ် ၊ အသင်း ဆိုတာက ကစားသမား တစ်ဦးရဲ့ စွမ်းဆောင်ရည်ကို တိုးတက် စေဖို့ အကူအညီ ပေးနိုင် ပါတယ် ။ ကျွန်တော်တို့ ကစားပုံတွေ ကောင်းမွန် ခဲ့ကြ ပါတယ် ။ အသင်းဖော် တွေနဲ့ နည်းပြ အဖွဲ့ဝင် တွေလည်း ကျွန်တော့်ကို ယုံကြည်မှု နဲ့ အတူ ကစားခွင့်တွေ ပေးဆောင် ခဲ့ကြ ပါတယ် ”
” ဒီလို အနေအထား တစ်ရပ်မှာ အာရုံ စူးစိုက်မှု တွေနဲ့ အတူ ကျွန်တော် အကောင်းဆုံး ပေးဆပ် ကစားဖို့ လိုအပ် ပါတယ် ။ ဘယ်တောင်ပံ ၊ ညာတောင်ပံ ၊ ကွင်းလယ် ၊ တိုက်စစ်မှူး ၊ ခံစစ်မှူး ၊ ဘယ်နေရာ မှာပဲ ကစားရပါစေ ၊ ကျွန်တော် ကွင်းထဲ ရှိနေ သရွေ့ အသင်း အတွက် ခိုင်းစေတဲ့ နေရာမှာ အကောင်းဆုံး ကစားပေးဖို့ ကြိုးစား သွားမှာပါ ”
” အသင်းကို ကူညီပေးဖို့ အတွက် စွမ်းနိုင်သမျှ ကြိုးစား အားထုတ် သွားမှာပါ ။ ကျွန်တော် အရံခုံပေါ် ထိုင်ရတာ အရမ်းကို မုန်းတီးလှ ပါတယ် ။ ဒီလို ဖြစ်ရခြင်းက အခြား အသင်းဖော် တွေက ပွဲထွက် ကစားခွင့် နဲ့ မထိုက်တန်လို့ မဟုတ် ပါဘူး ။ ကျွန်တော် ကိုယ်တိုင် ကစားခွင့် မရတာကိုပဲ မုန်းတီးမိတာပါ ”
” ကျွန်တော်က winner တစ်ယောက်ပါ ။ ဘောလုံး ကစားရင်း အသင်းကို ကူညီပေးချင်သူ တစ်ယောက်ပါ ။ ကျွန်တော် အရံခုံပေါ် နေရပြီး ကွင်းထဲ ဝင်ရောက်ခွင့် မရတဲ့ အခါတိုင်း အသင်းကို ကူညီခွင့် မရရှိတော့ဘူး ဆိုပြီး ခံစားချက်တွေ ဆိုးရွားခဲ့ရ ပါတယ် ။ အဲ့လို နေရတာမျိုး ကျွန်တော် မနှစ်သက် ပါဘူး ” လို့ ပေါ့ဂ်ဘာ က ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။