ကြာသပတေးနေ့က ယှဉ်ပြိုင်ကစား သည့် ပရီးမီးယားလိဂ် (၃)ပွဲစလုံးတွင် ပယ် နယ်တီနှင့်ပတ်သက်၍ VAR ဆုံးဖြတ်ချက်များ မှားယွင်းခဲ့ကြောင်း ပရီးမီးယားလိဂ် ပြိုင်ပွဲက BBC သတင်းဌာန၏ Match of the Day အစီအစဉ်သို့ ဝန်ခံခဲ့သည်။
ကြာသပတေးနေ့တွင် ဗီလာ (၀-၃) မန်ယူ၊ အဲဗာတန် (၁-၁) ဆောက်သမ်တန်၊ ဘုန်းမောက် (၀-၀) စပါးပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူနှင့် ဆောက်သမ်တန်အသင်း အသင်းအနေဖြင့် ပယ်နယ်တီမရသင့်ဘဲ စပါးအသင်းမှာမူ ပယ်နယ်တီရသင့်သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း ပရီးမီးယားလိဂ် က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဖြစ်ရပ် (၁) ဗီလာ (၀-၃) မန်ယူ
ပထမပိုင်း (၂၅) မိနစ်ဝန်းကျင်တွင် မန်ယူ အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ဗီလာအသင်းနောက်ခံလူ ကွန်ဆာက ပယ်နယ်တီဧရိယာထိပ်တွင် တားဆီးစဉ် ဘရူနို ဖာနန်ဒက်စ်က ခုန်ရှောင်ရာ ကွန်ဆာ၏ခြေ သလုံးကိုနင်းမိပြီး တစ်ပတ်လည်ကာ လဲကျ သွားခဲ့သည်။ ဒိုင်လူကြီး ဂျွန်မော့စ်က ယင်း ဖြစ်ရပ်ကို ပယ်နယ်တီသတ်မှတ်ခဲ့ပြီး VAR ကလည်း အတည်ပြုသဖြင့် ဘရူနိုဖာနန်ဒက်စ် က ဦးဆောင်ဂိုးအဖြစ် သွင်းယူခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် ယခုရာသီတွင် (၁၃) ကြိမ်မြောက် ပယ်နယ်တီရရှိခြင်းဖြစ်ပြီး လက်စတာ (၂၀၁၅-၂၀၁၆)၊ ပဲလေ့စ် (၂၀၀၄- ၂၀၀၅) တို့နှင့်အတူ တစ်ရာသီအတွင်း ပယ်နယ်တီအများဆုံးရရှိသည့်မှတ်တမ်း ပိုင်ဆိုင် သွားပြီဖြစ်သည်။
ဖြစ်ရပ် (၂) အဲဗာတန် (၁-၁) ဆောက်သမ်တန်
ပထမပိုင်း (၂၈) မိနစ်တွင် ဆောက်သမ်တန်အသင်းခေါင်းဆောင် ဝပ်ပရောက်စ်ကို အဲဗာတန်အသင်းကွင်းလယ်လူ အန်ဒရေ ဂိုးမက်စ် တွန်းသည်ဟုဆိုကာ ပယ်နယ်တီ ပေးခဲ့သည်။ ယင်းပယ်နယ်တီကို ဝပ်ပရောက်စ် ကန်သွင်းရာ ဘားတန်းထိသွားသဖြင့် အဲဗာတန်အသင်း သက်သာခဲ့ရခြင်းဖြစ်သည်။
ဖြစ်ရပ် (၃) ဘုန်းမောက် (၀-၀) စပါး
ဘုန်းမောက်အသင်းဘက်သို့ ဂိုးပေါက် တည့်သည့်ကန်သွင်းမှု တစ်ကြိမ်မျှမရှိခဲ့သော စပါးအသင်းအတွက် ဂိုးရနိုင်မည့် အခွင့်အရေး ကောင်းတစ်ခု လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ စပါးအသင်း ထောင့်ကန်ဘောရရှိစဉ် ဟာရီကိန်းကို ဂျိုရှူအာကင်း တွန်းလှဲခဲ့သော်လည်း ကွင်းလယ်ဒိုင် ပေါလ်တီယာနေးက ပယ်နယ်တီပေးရန် ငြင်းဆန်ခဲ့သလို VAR ဒိုင် မိုက် ကယ်အိုလီဗာကလည်း ပြန်လည်စစ်ဆေးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ အိုလီဗာသည် ရှက်ဖီး ယူနိုက်တက် (၃-၁) စပါးပွဲတွင် ဟာရီကိန်း၏ သွင်းဂိုးကို ငြင်းဆန်ခဲ့သလို လာမည့်တနင်္ဂနွေ တွင်လည်း စပါး-အာဆင်နယ် လန်ဒန်ဒါဘီပွဲကို တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။