ရာသီအစ ရလဒ်ဆိုးများကြောင့် ဖိအားများနေသည့် ရော်နယ်လ်ကိုးမန်းအပါအဝင် နည်းပြအဖွဲ့ဝင်များ၏ အနာဂတ်မှာ ရလဒ်များအပေါ်မူတည်နေပြီး မိမိတို့အနေဖြင့် မည်သည့်ဆုံးဖြတ်ချက်မဆို ချမှတ်နိုင်ကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက သတိပေးပြောကြားခဲ့ကြောင်းသိရသည်။
ဘာစီလိုနာအသင်းသည် ယခုရာသီ ပြိုင်ပွဲစုံ ခြောက်ပွဲကစားအပြီးတွင် နိုင်ပွဲနှစ်ပွဲ သာရပြီး သုံးပွဲသရေကျကာ တစ်ပွဲရှုံးနိမ့်ထားသည်။ ကြာသပတေးနေ့က ကာဒစ်ဇ်အသင်း နှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ ဒုတိယပိုင်း ၆၅ မိနစ်တွင် ကွင်းလယ်လူ ဒီယွန်း နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခံရသောကြောင့် တစ်ယောက်လျော့အနေအထားဖြင့် ဂိုးမရှိသရေကျခဲ့ပြီး လာလီဂါနောက်ဆုံးလေးပွဲတွင် သုံးပွဲ မြောက် သရေပွဲကြုံတွေ့ခဲ့သည်။ ဘာစီလိုနာ အသင်းအနေဖြင့် လာလီဂါပြိုင်ပွဲတွင် ရှုံးပွဲမရှိ သေးသော်လည်း နှစ်ပွဲနိုင်၊ သုံးပွဲရှုံး၊ ရမှတ် ကိုးမှတ်ဖြင့် အဆင့် ၇ နေရာ ရပ်တည်နေပြီး ဇယားထိပ်ဆုံးမှ ရီးယဲလ်အသင်းနှင့် တစ်ပွဲလျော့ ခုနစ်မှတ်ကွာဟနေပြီဖြစ်သည်။
ယင်း အခြေအနေနှင့်ပတ်သက်၍ El Chiringuito ရုပ်သံအစီ အစဉ်တွင် လာပေါ်တာက “အသင်းကို စီမံခန့်ခွဲဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဆုံးဖြတ်ချက်တွေချဖို့အတွက် ကျွန်တော်တို့ဆီမှာ သတင်းအချက်အလက်တွေ ပိုရှိသလို အရာအားလုံးထက် ပိုပြီးစဉ်းစားရပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်မျိုးမဆို ဆုံးဖြတ်ဖို့အတွက် ကျွန်တော်တို့မှာ ပြဿနာမရှိပါဘူး။ စီးပွားရေး၊ အားကစား၊ လူမှုရေးပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချဖို့အတွက် သေချာတဲ့အချိန် တစ်ခု ယူရပါမယ်။ နည်းပြအနောက်မှာ ကျွန်တော်တို့ရှိပါတယ်။ သူက ဘာစီလိုနာပထမ အသင်းရဲ့ နည်းပြဖြစ်ပြီး သူ့အတွက် ကောင်းမွန်တဲ့အရာတွေပဲ ဖြစ်စေချင်ပါတယ်။ ကိုးမန်းတင်မဟုတ်ဘဲ နည်းပြတွေရဲ့အခြေအနေက သူတို့ရဲ့ရလဒ်တွေအပေါ် မူတည်ပါတယ်။ ပွဲစဉ်တိုင်းက သူတို့အခြေအနေကို ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုးမန်းက ကျွန်တော်တို့ အသင်းနည်းပြဖြစ်ပြီး အခုအချိန်မှာ သူ့ရဲ့ နောက်မှာ ကျွန်တော်တို့ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ရော်နယ်လ်ကိုးမန်းအနေဖြင့် ရလဒ်ဆိုးများကြောင့် ဖိအားများနေစဉ် ကာဒစ်ဇ် အသင်းနှင့်ပွဲ၌ ပွဲပြီးခါနီးတွင် ထုတ်ပယ်ခံရသောကြောင့် ယနေ့ကစားမည့် လီဗန်တေးအသင်းနှင့်ပွဲကို ကွင်းဘေးစည်းမှ ကြီးကြပ်ခွင့်မရဘဲ လွဲချော်မည်ဖြစ်ကြောင်းသိရသည်။ ကိုးမန်းသည် စတုတ္ထဒိုင်ကို ကန့်ကွက်ပြောဆိုမှုကြောင့် ကွင်းအတွင်းမှ ထုတ်ပယ်ခံရခြင်းဖြစ်သည်။