မန်ချက် စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလီဂန်နာ ဆိုးရှား က အသင်းရဲ့ တိုက်စစ်မှူးကြီး ကာဗာနီ ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ဝက်စ်ဟမ်း ယူနိုက်တက် နဲ့ ပွဲစဉ် မှာ ဒဏ်ရာ အနည်းငယ် ရရှိ သွားခဲ့ တာကြောင့် ပထမပိုင်း အပြီးမှာ လူစားလဲ ခဲ့ ရတာ ဖြစ်ပါတယ် လို့ ရှင်းပြ ပြောဆို သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ယမန်နေ့ ညက ဝက်စ်ဟမ်း အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ခဲ့ပြီး ၃ – ၁ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။
အိမ်ရှင် ဝက်စ်ဟမ်း ဟာ ပထမပိုင်း မှာ ယူနိုက်တက် ဘက်ကို ဖိကစား ခဲ့ပြီး ဂိုးသွင်းခွင့် များ ရခဲ့ ပါတယ် ။ ဒါပေမယ့် ကံခေမှု ၊ လူကျွံမှု ၊ ယူနိုက်တက် ဂိုးသမားလေး ဟန်ဒါဆင် ရဲ့ ကာကွယ်မှုတွေကြောင့် ၃၈ မိနစ် က ဆူချက် ရဲ့ တစ်ဂိုး တည်းနဲ့သာ ကျေနပ် ခဲ့ရ ပါတယ် ။
ဒုတိယပိုင်း မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ကာဗာနီ နဲ့ ဗန်ဒီဘိ တို့ကို ရက်ဖိုဒ့် ၊ ဖာနန်ဒက်စ် တို့နဲ့ လူစားလဲ ခဲ့ပြီး ကစားပုံ သိသိ သာသာ တိုးတက် လာကာ ဝက်စ်ဟမ်း ဘက်ကို ချေပဂိုး ရဖို့ ပြန်ဖိ ကစား လာခဲ့ ပါတယ် ။ ၆၅ မိနစ် မှာတော့ ပေါ့ဘာ က ဧရိယာ အပြင်ကနေ လှလှ ပပ ကန်သွင်းပြီး ချေပဂိုး ကို ရယူပေး သွားခဲ့ ပါတယ် ။
တိုက်စစ်ပို ကောင်းလာတဲ့ ယူနိုက်တက် ဟာ ဆက်တိုက် ဆိုသလိုပဲ ဂိုးထပ် ရခဲ့ပြီး ၆၈ မိနစ် မှာ ဂရင်းဝုဒ် ၊ 78 မိနစ် မှာ ရက်ဖိုဒ့် တို့က ဂိုးတွေ ထပ်သွင်းကာ ပွဲကို အဆုံးသတ် ခဲ့ ပါတယ် ။ နောက်ပိုင်းမှာ ဂရင်းဝုဒ် အခွင့်အရေး တွေ ထပ်ရခဲ့ ပေမယ့် တိုက်စစ်မှူးလေးက စိတ်လော နေခဲ့တာကြောင့် ဂိုးတွေ ဖြစ်မလာခဲ့ ပါဘူး ။
ဒီနိုင်ပွဲ ဟာ ယူနိုက်တက် အတွက် ဖိအားတွေ လျော့ကျ သွားစေခဲ့ပြီး အမှတ်ပေး ဇယား မှာလည်း အဆင့် ၄ နေရာ အထိ တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ ကာဗာနီ ကို လူစားလဲ ခဲ့မှု နဲ့ ပတ်သက်ပြီး ပွဲအပြီး မှာ အခုလို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
“ဒဏ်ရာပါ ( ကာဗာနီ ကို လဲခဲ့မှု နဲ့ ပတ်သက်ပြီး ) ၊ သူ ကြွက်သား ဒဏ်ရာ ရသွားတာပါ ၊ ကံမကောင်း ဘူးလို့ပဲ ဆိုရ မှာပါပဲ ။ အရမ်း မပြင်းထန် ဖို့ မျှော်လင့် ထားပါတယ် ။ အန်တိုနီ ( မာရှယ် ) လည်း ဒဏ်ရာ နဲ့ ထွက်သွား ရတာပါ”
“ကံကောင်း တာက ကျွန်တော့မှာ လဲ စရာ လူရှိနေတာပါပဲ ။ ဘရူနို နဲ့ ရက်ဖိုဒ့် ဟာ ဒီ အသင်းရဲ့ အစိတ်အပိုင်း တွေပါ ၊ သူတို့ အတွက်တော့ ၄၅ မိနစ် ဆိုတာ လုံလောက်တဲ့ အချိန် ဖြစ်ခဲ့ ပါတယ်” လို့ ဆိုးရှားက ပြောဆို သွားခဲ့ ပါတယ် ။ ဆက်လက်ပြီး အသင်းရဲ့ မတူညီတဲ့ အပိုင်း ၂ ပိုင်းက ခြေစွမ်းနဲ့ ပတ်သက်ပြီးလည်း သူ့ရဲ့ အမြင်ကို နည်းပြကြီးက ပြောဆို သွားခဲ့ ပါတယ် ။
“ပထမပိုင်း မှာ ကျွန်တော်တို့ တန်ပြန် တိုက်စစ်တွေ ၊ တည်ကန်ဘောတွေ ကို ထိန်းရင်း ရုန်းကန် ခဲ့ရ ပါတယ် ။ ဘောလုံး ခြေထဲမှာ ရှိနေ ပေမယ့် ကစားကွက် တည်ဆောက်ပုံ တွေက တော်တော်လေး နှေးကွေး ခဲ့ ပါတယ် ။ ဘောလုံးပေးတာတွေ လည်း မကြာခဏ ပျက်ခဲ့ ပါတယ် ။ တကယ် ညံ့တဲ့ ပထမပိုင်းပါ”
“ဒုတိယပိုင်း မှာတော့ ချေပဂိုး က အများကြီး ပြောင်းလဲ ပေးခဲ့တာပါ ။ ပြီးတော့ မေဆင် ရဲ့ ဂိုး ၊ ဒီ ၂ ဂိုးကို မြန်မြန် ရလိုက်တာက ကျွန်တော်တို့ အတွက် အားသာချက် ဖြစ်သွား စေခဲ့ ပါတယ် ။ မားကပ်စ် ရဲ့ ဂိုး အပြီးမှာတော့ ပွဲက အဆုံးသတ် သွားပါပြီ”
“ဒီည မှာ ကျွန်တော်တို့ ဟာ မန်စီးတီး နဲ့ စပါး ကို သရေ ၊ လက်စတာ နဲ့ ဝုဗ် တို့ကို အနိုင် ကစားထားခဲ့တဲ့ အသင်း နဲ့ ရင်ဆိုင် ခဲ့တာပါ ။ သူတို့ ( ဝက်စ်ဟမ်း ) ကစားတာ အရမ်း ကျစ်လျစ် ပြီး ကြမ်းပါတယ် ။ သူတို့ ရဲ့ ဖိအားပေးပုံက အရမ်း ကောင်းပြီး ဒီလိဂ် ထဲမှာ အကောင်းဆုံး တွေထဲက တစ်သင်းလို့ တောင် ပြောနိုင်ပါတယ်”
“ဒါပေမယ့် နောက်ဆုံးမှာ နိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်းပဲ ဝမ်းသာမိ ပါတယ် ။ ပြီးခဲ့တဲ့ အပတ် တုန်းက လည်း ဆောက်သမ်တန် ကို ၂ – ၀ နဲ့ ရှုံးနေ ရာကနေ အနိုင် ရအောင် ပြန် ကစားနိုင်ခဲ့တယ် ၊ အခုလည်း ၁ – ၀ နဲ့ ရှုံးနေ ရာကနေ နောက်ဆုံးမှာ အနိုင် ပြန်ရခဲ့ပါတယ် ။ ဒါဟာ တကယ်ကောင်းတဲ့ တိုးတက်မှုတွေပါ” လို့ ဆိုးရှားက ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် လိုက်ပ်ဇစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်ဖို့ အတွက် အနည်းဆုံး ၁ မှတ် ရယူ နိုင်ဖို့ လိုအပ် မှာ ဖြစ် ပါတယ် ။