လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံရန် ငြင်းဆန်နေကြသည့် ကစားသမားများကို ပြစ်တင်ဝေဖန်သည်။
ထို့ပြင် ၎င်းက ဆေးထိုးခြင်း၊ မထိုးခြင်းသည်။ လွတ်လပ်ခွင့်ဟု သတ်မှတ်ရမည့် အခြေအနေမဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ကလော့ပ်က ”ဒါကို လွတ်လပ်ခွင့်လို့ သတ်မှတ်မယ်ဆိုရင် အရက်သောက်ပြီး ကားမောင်းခွင့်မပြုတာကလည်း လွတ်လပ်ခွင့်ကို ကန့်သတ်ရာရောက်ပါတယ်။ ကျွန်တော် ကာကွယ်ဆေးထိုးခဲ့တာဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တင် မဟုတ်ပါဘူး။ ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ကာကွယ်ဖို့ပါ။ ကျွန်တော် ရောဂါကူးစက်ခံရပြီး ဘေးကလူတွေဆီ ပျံ့နှံ့သွားမယ်ဆိုရင် အဲဒါ ကျွန်တော့်အမှားပါ၊ သူတို့အမှား မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
ယာဂန်ကလော့ပ်သည် ပြီးခဲ့သည့်နှစ်က COVID-19 ဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မိခင်ဖြစ်သူကို ဆုံးရှုံးထားရသူဖြစ်သည်။
အင်္ဂလန်လက်ရွေးစင်အသင်းတွင် ကာကွယ်ဆေးထိုးရန် ငြင်းဆန်နေသည့်ကစားသမား အနည်းဆုံး(၅)ဦး ရှိနေသောကြောင့် တာဝန်ရှိသူများ စိတ်ပျက်နေကြောင်း သိရသည်။
အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်ကာလတွင် ဗြိတိန်အစိုးရ၏ Red List စာရင်းပါဝင်သော နိုင်ငံများမှ ကစားသမားများအား သွားရောက်ကစားခွင့်ပြုမည်ဖြစ်သော်လည်း ဆေးထိုးပြီးသူများကိုသာ ကန့်သတ်ချက်များ လျှော့ပေါ့ပေးမည်ဖြစ်သည်။