မန်ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ဒီတစ်ပတ် ကစားခဲ့တဲ့ လီဗာပူး အသင်းနဲ့ ပွဲမှာ အာဆင်နယ် နည်းပြ အာတီတာ ဟာ သူ့ရဲ့ အတွေ့အကြုံ မရှိမှု ၊ နုံအမှု ကို ပြသသလို ဖြစ်သွားခဲ့ကြောင်း ဝေဖန် ထောက်ပြ သွားခဲ့ပါတယ် ။
လီဗာပူး အသင်းက အာဆင်နယ် အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ပထမပိုင်းအတွင်း ဂိုးမရှိ သရေကျနေချိန် နှစ်ဖက် နည်းပြ နှစ်ဦးဟာ ကွင်းဘေးစည်းမှာ အပြန်အလှန် အချင်းများခဲ့ကြတာ ဖြစ်ပါတယ် ။
အဆိုပါ ဖြစ်စဉ်ကြောင့် ကွင်းလယ် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ ဟာ နှစ်ဦးစလုံးကို အဝါကဒ်ပြ သတိပေးခဲ့ပါတယ် ။ ဖာဒီနန် ကတော့ အန်ဖီးလ် လို ပရိသတ် အားကောင်းတဲ့ ကွင်းကြီးမှာ အာတီတာ ရဲ့ အပြုအမူ ဟာ မပါးနပ်လွန်းရာ ကျတယ်လို့ သူ့ရဲ့YouTube Channel vibe with Five မှာ ပြောကြား သွားခဲ့ပါတယ် ။
” ကျွန်တော် ပွဲကြည့်ဖြစ်ခဲ့ပါတယ် ၊ ကလောပ့် နဲ့ အာတီတာ အချင်းများခဲ့ကြတဲ့ ဖြစ်စဉ် အပြီးမှာ လီဗာပူး က အပြင်းအထန် ကို ဖိအားပေးတော့တာပါပဲ ။ ကျွန်တော်ကတော့ အာတီတာ ရဲ့ လုပ်ရပ်က နုံအတယ်လို့ ခံစားရပါတယ် ။ ”
” အန်ဖီးလ်လို ကွင်းကြီးမှာ ပရိသတ်တွေ စိတ်အားတက်ကြွအောင် ၊ ပိုပြီး စိတ်ခံစားချက် ပြင်းထန်လာအောင် သွားလုပ်လို့ မရပါဘူး ။ ကိုယ့်အသင်းက ၁-၀ ၊ ၂-၀ နဲ့ နိုင်နေချိန်ဆိုရင်တော့ လုပ်ပေါ့ဗျာ ၊ ပွဲက ဘာမဆို ဖြစ်သွားနိုင်တယ် အနေအထားမှာ ရှိနေချိန်မှာဆိုရင်တော့ မလုပ်သင့်ပါဘူး ။ ”
” အာတီတာ ရဲ့ အပြုအမူ က နည်းနည်း နုံအရာကျပါတယ် ၊ သူက လူငယ် နည်းပြ တစ်ဦး ဖြစ်တာကြောင့် ဒီအဖြစ်အပျက်ကနေ သင်ခန်းစာ ယူနိုင်ဖို့တော့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် နည်းပြ အာတီတာကတော့ ကလောပ့် နဲ့ အဖြစ်အပျက် အပေါ် “ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ သူဟာ သူ့အသင်းအတွက် ကာကွယ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ကလည်း ကိုယ့်အသင်းအတွက် ကာကွယ်ခဲ့တာပါ။ ဒါပါပဲ။ ”
” ဒီကိစ္စဟာ ပြိုင်ဘက်ကို အကူအညီ ဖြစ်စေခဲ့သလား ဆိုတာ မသိပေမယ့် အန်ဖီးလ်ရဲ့ atmosphere ဟာ ပွဲအစကတည်းက အရမ်းကို ကောင်းနေခဲ့တာပါ။ ပရိတ်သတ်တွေ အတွက် ဒါမျိုးကို မလိုအပ်ပါဘူး။ ဒါ့ကြောင့် ဒီကိစ္စဟာ ကြီးမားတဲ့ ခြားနားချက် ဖြစ်စေတယ်လို့ ကျွန်တော် မထင်ပါဘူး။ ပွဲအပြီးမှာ ကျွန်တော် ကလော့နဲ့ စကားပြောခဲ့ပြီး သူ့ကို ဂုဏ်ပြုခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကွင်းထဲမှာ ကျန်ခဲ့ပါပြီ။” လို့ ရှင်းပြလိုက်ပါတယ်။