မော်ရိုကိုအသင်းနည်းပြ ရီဂရာဂျီက မိမိတို့အနေဖြင့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံဆုအကြောင်း အိပ်မက်မက်နေပြီဟု ကြုံးဝါးပြောဆိုခဲ့သည်။
မော်ရိုကိုအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (F) တွင် ခရိုအေးရှား၊ ဘယ်လ်ဂျီယံ၊ ကနေဒါတို့နှင့်အတူ ကျရောက်ခဲ့သော်လည်း ရှုံးပွဲမရှိဘဲ ရမှတ်ခုနစ်မှတ်ရရှိကာ အုပ်စုပထမအဖြစ် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့သည်။
“အုပ်စုအဆင့်ကျော်လွန်နိုင်ဖို့ အရာအားလုံး ပေးဆပ်ချင်ခဲ့တာပါ။ ကျွန်တော်တို့ ဒီနေရာမှာ ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းဖြစ်လာမှာပါ။ ဒါဆိုရင် ဆုဖလားရယူဖို့ ဘာကြောင့် အိပ်မက်မမက်နိုင်ရမှာလဲ” ဟု ရီဂရာဂျီက ပြောကြားခဲ့သည်။