◘ မော်ရိုကို – စပိန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၆ ရက် ည ၉း၃၀ နာရီ)
တစ်သင်းက အာဖရိကဖြစ်နေပြီး၊ တစ်သင်းက ဥရောပဖြစ်နေပေမဲ့ ဒီနှစ်သင်းက အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား၊ တစ်တိုက်နဲ့ တစ်တိုက်ကြား (၁၀)မိုင်လောက်ပဲ ဝေးတဲ့ နှစ်နိုင်ငံဖြစ်တယ်။ မော်ရိုကိုက ကနေဒါနဲ့ပွဲမှာ ကစားခဲ့ တဲ့ခြေစွမ်းရော၊ ဘယ်လ်ဂျီယံနဲ့ပွဲက ခြေစွမ်းရော အရမ်းကောင်းတယ်။ Composed and Controlled ပွဲတွေဖြစ်ပါတယ်။ ခံစစ်ပိုင်းမာကျောပြီး (၃)ပွဲမှာ တစ်ဂိုးပဲ ပေးခဲ့ရတယ်။ စပိန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဂျပန်ကို ရှုံးနိမ့်ခဲ့တယ်။ အထူးသဖြင့် စပိန်ရဲ့ ဒုတိယပိုင်းခြေစွမ်းက အားရစရာမရှိခဲ့ဘူး။ ဂျာမနီနဲ့ပွဲတုန်းကလည်း စပိန်ကစားပုံကျသွားတာ တွေ့ရတယ်။ မော်ရိုကိုရဲ့မာကျောမှုနဲ့ ခိုင်မာမှုကို စပိန်အသင်း တော်တော်လေးခက်ခက်ခဲခဲ ကျော်ဖြတ်ရလိမ့်မယ်။ ဇီယာ့ရှ် ၊ အန်နက်ဆီရီ၊ ဘူဖယ်လ်၊ ဟာကီမီ၊ အမ်ရာဘတ်တို့က ထိပ်တန်းအဆင့်ကစားသမားတွေဖြစ်ပြီး စပိန်ကို ဒုက္ခပေးနိုင်သူတွေဖြစ်တယ်။ စပိန်အသင်းကလည်း ကစားခဲ့တဲ့ (၃) ပွဲစလုံး သူတို့ရဲ့ကိုယ်ပိုင်ဟန်ကို ပြသနိုင်ခဲ့ပြီး မော်ရိုကိုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလိမ့်မယ်။ ဒီပွဲက ဂိုးတွေနည်းဖို့များတယ်။ မိနစ် (၉၀)အတွင်း သရေကျသွားနိုင်တယ်။
◘ ပေါ်တူဂီ – ဆွစ်ဇာလန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် နံနက် ၁း၃၀ နာရီ)
ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့က မကြာခဏတွေ့နေကျ အသင်းတွေဖြစ်ပြီး တစ်သင်းအကြောင်း တစ်သင်းကောင်းကောင်း သိပါတယ်။ နှစ်သင်းစလုံးက ဥရောပထိပ်တန်းအသင်းတွေဖြစ်ပြီး ကစားပုံလည်း ကောင်းကြတယ်။ ဆွစ်ဇာလန်က ပေါ်တူဂီ နဲ့ကစားတဲ့ပွဲဆိုတာ သူတို့အသင်းအတွက် ဖေးဘရိတ်ဖြစ်တဲ့ပွဲမဟုတ်ဘူးဆိုတာကို ကောင်းကောင်းသိလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေပန်းစားခြင်း၊ မစားခြင်းဟာ အရမ်းအရေးကြီးနေတဲ့ ကိစ္စမဟုတ်ဘူးဆိုတာကိုလည်း သူတို့ သိပါလိမ့်မယ်။ ဆွစ်ဇာလန်နဲ့ ပေါ်တူဂီက အများကြီးကွာနေတာ မဟုတ်တဲ့အတွက် မမျှော်လင့်တာတွေကို လုပ်နိုင်စွမ်း ဆွစ်ဇာလန်မှာ ရှိနေတယ်။ ပေါ်တူဂီကို အနိုင်ရဖူးတဲ့ကိစ္စကိုလည်း ဆွစ်ဇာလန်တို့ အဝေးကြီးပြန်ရှာ စဉ်းစားနေစရာမလိုဘူး။ ၂၀၂၂ တုန်းကမှာ ပေါ်တူဂီကို သူတို့ အိမ်ကွင်းမှာ အနိုင်ကစားခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီမတိုင်ခင်နှစ်ပွဲမှာတော့ ပေါ်တူဂီက ဂိုးပြတ်တွေ သွင်းခဲ့ဖူးတယ်။ ပေါ်တူဂီအသင်းအတွက် စီရော်နယ်လ်ဒို လုပ်ပေးနေတာတွေက မလုံလောက်သေးပေမဲ့ ဆွစ်ဇာလန်က ရော်နယ်လ်ဒိုကို လျှော့တွက်ရင်တော့ ခံသွားရနိုင်တယ်။ ဆွစ်ဇာလန်ရဲ့ မာကျောမှုကိုကြိုက်ပေမဲ့ ပေါ်တူဂီ ကပ်နိုင်မယ်ထင်တယ်။