ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်က ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပမည်ဆိုခြင်းမှာ ယုတ္တိမရှိသည့် စိတ်ကူးသာဖြစ်သည်ဟု ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြို ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရန်အတွက် လေ့လာသုံးသပ်မှုများ၊ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ဆယ်ဖာရင်၏အမြင်ကို ဥရောပမီဒီယာများက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဆယ်ဖာရင်က ”ဒါ မဖြစ်နိုင်ပါဘူး။ ဒါဟာ ယုတ္တိမရှိတဲ့ စိတ်ကူးတစ်ခုပါ။ ၂၀၂၂ ကမ္ဘာ့ဖလားပြီးရင် နောက်ထပ်ကမ္ဘာ့ဖလားက ၂၀၂၆ မှာ။ ပြီးတော့ ၂၀၂၈ မှာ ကျင်းပမယ်ဆိုရင် အဲဒီမှာ ယူရိုပြိုင်ပွဲ ရှိပါတယ်။ ဒါကြောင့် ၂၀၂၈ မှာ ကမ္ဘာ့ဖလား ကျင်းပမယ်ဆိုရင် ဥရောပအသင်းတွေ ကစားနိုင်မှာမဟုတ်ပါဘူး။ တောင်အမေရိကအသင်းတွေကလည်း ကိုပါအမေရိကပြိုင်ပွဲရှိနေရင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်နိုင်ဦးမှာလား။ ဒါဟာ တကယ့်ကို ယုတ္တိမရှိတဲ့ စိတ်ကူးတစ်ခုပါပဲ။ ဒီလိုလုပ်ဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ ကျွန်တော် မသိပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ လေ့လာမှုတွေအတွက်ပဲ ကျွန်တော်တို့ ငွေကြေး အကုန်အကျခံသင့်ပါတယ်။ ကစားသမားတွေအတွက် တစ်လကြာတဲ့ ပြိုင်ပွဲတစ်ခုကို နှစ်တိုင်း ယှဉ်ပြိုင်ကစားရမလို ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာပဲ ပွဲစဉ်တွေ ပြည့်နှက်နေတာကြောင့် ဒဏ်ရာပြဿနာတွေက ပိုများလာနေပါတယ်။ ဒါဟာ အပေါ်ယံဆန်တဲ့ အတွေးပါ။ လက်တွေ့မကျပါဘူး”ဟု ပြောကြားခဲ့သည်။