ဝေးလ်စ် – ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၂း၁၅ နာရီ)
ဒီပွဲက ပုံမှန်အားဖြင့်ဆိုရင် အဆင့် (၁)နဲ့ (၂)နေရာက အသင်းတွေရဲ့ပွဲဖြစ်လို့ အကြိတ်အနယ်ရှိသင့်တယ်။ ဒါပေမဲ့ ဝေးလ်စ်က Play-off နေရာ သေချာခဲ့ပြီးဖြစ်သလို၊ ဘယ်လ်ဂျီယံကလည်း အုပ်စုဗိုလ်နေရာနဲ့ ခြေစစ်ပွဲအောင်ပြီးသားဖြစ်နေလို့ အကြိတ်အနယ်သိပ်ရှိမှာမဟုတ်ဘူး။ ဘယ်လ်ဂျီယံမြေမှာ ကစားခဲ့တုန်းက ဝေးလ်စ်က အကြိတ်အနယ်ခံကစားခဲ့ပေမဲ့ (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒီပွဲမှာတော့ ဂုဏ်သိက္ခာအတွက်သာ ကစားရမှာဖြစ်ပြီး အထူးသဖြင့် ဘယ်လ်ဂျီယံက လူစုံကစားမယ်မထင်ဘူး။ ဝေးလ်စ်ကို ကြိုက်တယ်။
နယ်သာလန် – နော်ဝေ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၂း၁၅ နာရီ)
နယ်သာလန်က အုပ်စုထိပ်ဆုံးက ဦးဆောင်နေသလို၊ တူရကီနဲ့ နော်ဝေတို့ထက်လည်း (၂)မှတ်အသာရထားတယ်။ ဒါကြောင့် သရေရလဒ်ယူနိုင်ရုံနဲ့ အုပ်စုဗိုလ်နေရာ သေချာသွားလိမ့်မယ်။ လူးဝစ်ဗန်ဟားလ်ရဲ့အသင်းက မွန်တီနီဂရိုးမြေမှာ (၂)ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပြီး ဒီဂိုးတွေကို ထိန်းထားနိုင်ရုံနဲ့ သေချာပေါက် အုပ်စုဗိုလ်ရမှာဖြစ်ပေမဲ့ နောက်ဆုံး (၁၀)မိနစ်အတွင်း နှစ်ဂိုးပေးလိုက်ရလို့ ဒီပွဲမှာ အမှားမခံတဲ့အနေအထားဖြစ်သွားတယ်။ နော်ဝေကလည်း လတ်ဗီးယားမြေမှာ အော်ဒီဂွါရဲ့ ဦးဆောင်မှုနဲ့ နိုင်ပွဲရှာခဲ့ပေမဲ့ ဟော်လန်းမပါတဲ့တိုက်စစ်က ဂိုးမရခဲ့ဘူး။ ဒီပွဲမှာလည်း ဖိအားတွေရှိနေပေမဲ့ နယ်သာလန်က ကစားသမားအင်အားရော၊ ခြေစွမ်းပိုင်းပါ ပိုကောင်းပါတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ နော်ဝေနဲ့ တူရကီတို့ကို အခွင့်အရေးပေးမယ်မထင်ဘူး။ နယ်သာလန်ပဲ နိုင်လိမ့်မယ်။
မွန်တီနီဂရိုး – တူရကီ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၂း၁၅ နာရီ)
တူရကီက အုပ်စုဒုတိယနေရာရော၊ အုပ်စုဗိုလ်နေရာကိုပါ မျှော်လင့်ခွင့်ရှိတဲ့အနေအထားမှာရှိတယ်။ အရေးကြီးတာက ဒီပွဲကို အနိုင်ကစားနိုင်ဖို့ဖြစ်ပြီး ဒီပွဲကိုသာနိုင်ထားရင် နယ်သာလန်နဲ့ နော်ဝေ ဘယ်လိုရလဒ်ထွက်ထွက် တူရကီ အနည်းဆုံး Play-off တစ်နေရာရလိမ့်မယ်။ မွန်တီနီဂရိုးက အရမ်းအားမကောင်းပေမဲ့ ခြေစွမ်းပိုင်းမဆိုးဘူး။ ဒါပေမဲ့ တူရကီက မွန်တီနီဂရိုးထက် ခြေစွမ်းပိုကောင်းသလို၊ မဖြစ်မနေ အနိုင်ကစားရမယ့်အနေအထားဖြစ်နေလို့ တူရကီကို ကြိုက်တယ်။
ဘော့စနီးယား – ယူကရိန်း (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၂း၁၅ နာရီ)
ယူကရိန်းအတွက် လုံးဝအမှားခံလို့မရတဲ့ အခြေအနေဖြစ်တယ်။ ဘော့စနီးယားက မျှော်လင့်ချက်မရှိတော့တဲ့အသင်း ဖြစ်ပြီး ယူကရိန်းကတော့ ပြင်သစ်မြေမှာ ဖင်လန်သာ အခြေအနေမကောင်းခဲ့ရင် ဖင်လန်ကိုကျော်ပြီး Play-off တစ်နေရာ ရသွားလိမ့်မယ်။ ယူကရိန်းရဲ့ အဓိကပြဿနာက သရေပွဲတွေ များလွန်းတာဖြစ်ပြီး ဘော့စနီးယားနဲ့လည်း အိမ်ကွင်းမှာတုန်းက သရေကျထားတယ်။ ဒီပွဲက ယူကရိန်းအတွက် အမှားမခံပေမဲ့ သရေပဲဖြစ်ဖို့များပါတယ်။
ဖင်လန် – ပြင်သစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၂း၁၅ နာရီ)
ပြင်သစ်က အုပ်စုဗိုလ်နေရာ သေချာပြီးသားဖြစ်ပေမဲ့ ဖင်လန်အတွက်တော့ ဒီပွဲကနေ အမှတ်ယူနိုင်ဖို့ လိုနေသေးတယ်။ Play-off နေရာအတွက် ယူကရိန်းရဲ့ ဖိအားပေးမှုရှိနေပြီး သရေသာကျခဲ့ရင် ယူကရိန်းက အမှတ်တူ Goal Difference အသာနဲ့ ကျော်တက်သွားနိုင်တယ်။ ဒါကြောင့် ဖင်လန်အတွက် မဖြစ်မနေ နိုင်ပွဲရှာရမယ့်အနေအထားဖြစ်နေတယ်။ ပြင်သစ်က ခြေစစ်ပွဲအောင်ပြီးသားအသင်းဆိုပေမဲ့ ဖင်လန်ကို အရှုံးပေးကစားတဲ့အထိတော့ စိတ်ကူးထားမှာမဟုတ်ဘူး။ ကစားသမားအင်အားမစုံရင်တောင် အကြိတ်အနယ်ကစားသွားမှာပဲလို့ ယူဆရတယ်။ ဖင်လန်ရဲ့လက်ရှိခြေစွမ်းက မဆိုးဘူးဆိုပေမဲ့ ပြင်သစ်ကို နိုင်ဖို့အထိတော့ မဖြစ်နိုင်ဘူး။ သရေ သို့မဟုတ် ပြင်သစ်ပဲနိုင်မယ်။
ချက် – အက်စ်တိုးနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၇ ရက် နံနက် ၂း၁၅ နာရီ)
ချက်က အုပ်စုတွင်း တတိယနေရာသာရခဲ့ပေမဲ့ Nations League ကတစ်ဆင့် နောက်တစ်ဆင့်ကို တက်ပြီးသားအသင်း ဖြစ်တယ်။ ဒါကြောင့် အက်စ်တိုးနီးယားနဲ့ ပွဲရလဒ်က ချက်အတွက် အရေးမပါတဲ့ ပွဲစဉ်ဖြစ်တယ်။ အက်စ်တိုးနီးယားက လည်း အုပ်စုတွင်း ဘာမျှော်လင့်ချက်မှမရှိတဲ့ အနေအထားဖြစ်ပြီး ဂုဏ်သိက္ခာအရပဲ ကစားရမှာပါ။ ဂိုးပြတ်မရှုံးရင် တော်ပြီဆိုတာမျိုးနဲ့ အတတ်နိုင်ဆုံး သရေခံကစားဖို့ ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ အသင်းနှစ်သင်းကြား ခြေစွမ်းကွာဟမှုကြီးမားလို့ ချက်ပဲ အနိုင်ရမှာပါ။