ဘရာဇီးလ်အသင်းသည် အောက်တိုဘာလအတွင်းကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပရီးမီးယားလိဂ်အခြေစိုက် ကစားသမားရှစ်ဦး ထည့်သွင်းရွေးချယ်ထားရာ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ကလပ်-နိုင်ငံ ပြဿနာကို အဖြေရှာကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ နိုင်ငံတကာရက် သတ္တပတ်ကာလတွင် ဗြိတိန်အစိုးရ၏ Red List စာရင်းပါဝင်သော နိုင်ငံများသို့ ကစားသမားစေလွှတ်ရန် ပရီးမီးယားလိဂ်ကလပ်များက ငြင်းဆန်ခဲ့ကြပြီး ယင်းစာရင်းတွင် ဘရာဇီးလ်အပါအဝင် တောင်အမေရိကနိုင်ငံအများစု ပါဝင်ကြောင်းသိရသည်။
ထို့ကြောင့် ပရီးမီးယားလိဂ်ကလပ်များက အဆိုပါကစားသမားများကို စေလွှတ်ခြင်းမပြုဘဲ ငြင်းဆန်ခဲ့ရာ ဘရာဇီးလ်၊ ချီလီ၊ ပါရာ ဂွေးနှင့် မက္ကဆီကိုအသင်းတို့ကလည်း နိုင်ငံတကာရက်သတ္တပတ်အပြီး ငါးရက်အတွင်းကစားမည့်ပွဲများတွင် ထည့်သွင်းအသုံးပြုခွင့် မပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံ တိုင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ဘရာဇီးလ်အသင်း နှင့် ပရီးမီးယားလိဂ်ကလပ်များ သဘောတူညီမှုရရှိသဖြင့် အနီးဆုံး ပွဲစဉ်တွင် အဆိုပါကစားသမားများ ပါဝင်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ နိုင်ငံတကာ ရက်သတ္တပတ်ကာလကို ၄ ရက်မှ ၁၃ ရက်အထိ သတ်မှတ်ထားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ သုံးပွဲကစားရမည့် ဘရာဇီးလ်အသင်းက စက်တင်ဘာတွင် ခေါ်ယူခွင့်မရခဲ့သူ ခုနစ်ဦး အပါအဝင် စုစုပေါင်းရှစ်ဦးကို ထည့် သွင်းရွေးချယ်ထားကြောင်း သိရသည်။ ဘရာဇီးလ်အသင်းတွင် လီဗာပူးလ်အသင်းမှ အယ်လစ်ဆန်၊ ဖာဘင်ညို၊ မန်စီးတီးအသင်းမှ အီဒါ ဆန်၊ ဂါဘရီယဲလ်ဂျေးဆူး၊ မန်ယူ အသင်းမှ ဖရက်ဒ်၊ ချယ်လ်ဆီးအသင်း မှ သီယာဂိုဆေးလ်ဗား၊ လိဒ်စ်အသင်း မှ ရာဖင်ညာတို့အပြင် နွေရာသီ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်တွင် ဘာစီလိုနာမှ စပါးအသင်းသို့ ရောက်ရှိလာသည့် အီမာဆန်ရွိုင်ယယ်လည်း ရွေးချယ်ခံထားရသည်။ သို့ဖြစ်ရာ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ကလပ်-နိုင်ငံ အငြင်းပွားမှုပြဿနာအတွက် အဖြေရှာကြရန် တိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အဖြေတစ်ခုတော့ရှာရမယ်။ ဒါက ပြဿနာတစ်ခု မဟုတ်ဘူးလို့ပြောပြီး ဒီအတိုင်းထားခဲ့လို့ မရပါဘူး။ ဒါက ပြဿနာတစ်ခုဆိုတာ မှန်ပါတယ်။ တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒီကိစ္စအတွက်လုပ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ လာမယ့်နိုင်ငံတကာပွဲ တွေအတွက် ဘရာဇီးလ်ကစားသမားတွေကို သွားဖို့ခွင့်ပြုတဲ့အခါ ဒါမှမဟုတ် သူတို့သွားတဲ့အခါကျရင် ကျွန်တော်တို့ဆီမှာ ပြဿနာတစ်ခု ရှိလာပါပြီ။ ကျွန်တော်တို့က ဝက်ဖို့ဒ် နဲ့ပွဲကို (အောက်တိုဘာ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲ (မြန်မာစံတော်ချိန် ညနေ ၆ နာရီ) ကစားရမှာပါ။ ဘရာဇီးလ်ရဲ့ပွဲက သောကြာနေ့ ညပိုင်း (အောက်တိုဘာ ၁၅ ရက်) အထိ ကစားရပါမယ်။ ဒီကိစ္စကို ဘယ်သူမှ သေချာမစဉ်းစားရသေးပါဘူး။ ကျွန်တော်တို့ဆီမှာ ပြဿနာနှစ်ခုရှိပါ တယ်။ တစ်ခုက ပွဲစဉ်ဇယားဖြစ်ပြီး အဲဒါက ပြဿနာအမြဲဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ ကစားသမားတွေရော ကလပ်တွေအတွက်ပါ မကောင်းပါဘူး။ အစိုးရအနေနဲ့ အဖြေတစ်ခုခုရှာတွေ့မယ်လို့ မျှော်လင့်ရပါတယ်” ဟု ယာဂန်ကလော့ပ် က ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းသည် လာ မည့်အောက်တိုဘာတွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ သုံးပွဲကစားရမည်ဖြစ်ပြီး အောက်တိုဘာ ၇ ရက်တွင် ဗင်နီဇွဲလားနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၀ ရက်တွင် ကိုလံဘီယာနှင့်အဝေး ကွင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ဥရုဂွေးနှင့် အိမ်ကွင်းပွဲ ကစားရမည် ဖြစ်သည်။ ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှစ်ပွဲကစား အပြီးတွင် ရာနှုန်းပြည့်အနိုင်ရလဒ် ရရှိထားသည်။