၂၀၂၂ ခုနှစ်အတွက် ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံး အားကစားသမားများ စာရင်းကို အမေရိကန်အခြေစိုက် Forbes စီးပွားရေးမဂ္ဂဇင်းက ထုတ်ပြန်ရာ PSG အသင်း ၏ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ထိပ်ဆုံးနေရာ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
Forbes မဂ္ဂဇင်းသည် ဇွန်လမှ မေလ အထိ တစ်နှစ်တာကာလအတွင်း ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံး အားကစားသမား စာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ် စာရင်းတွင် မက်ဆီက ဝင်ငွေစုစုပေါင်း ဒေါ် လာသန်း ၁၃၀ ဖြင့် ထိပ်ဆုံးနေရာရောက်ရှိ လာခြင်းဖြစ်သည်။
အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ (၃၄ နှစ်) သည် PSG အသင်းထံမှ လစာ ဒေါ်လာ ၇၅ သန်းရရှိခဲ့ပြီး ဘာစီလိုနာအသင်းတွင်ရရှိခဲ့သည့် ဒေါ်လာ ၉၇ သန်းထက် လျော့နည်းသွားသော်လည်း ပုံရိပ်အသုံးပြုခနှင့် စပွန်ဆာဝင်ငွေများမှ ဒေါ်လာ ၅၅ သန်းရရှိခဲ့သောကြောင့် စုစုပေါင်း ဒေါ်လာသန်း ၁၃၀ ဖြင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း ထိပ်ဆုံးနေရာ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
NBA ကလပ် LA Lakers အသင်း၏ အမေရိကန်ဘတ်စကက်ဘောကစားသမား လီဘရွန်ဂျိမ်းစ်က ဒေါ်လာ ၁၂၁ ဒသမ ၂ သန်းဖြင့် ဒုတိယ၊ မန်ယူအသင်း၏ ပေါ်တူဂီ လက်ရွေးစင် ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဒေါ်လာ ၁၁၅ သန်းဖြင့် တတိယ၊ PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာက ဒေါ်လာ ၉၅ သန်းဖြင့် စတုတ္ထ၊ ဂိုးလ်ဒင်း စတိတ်ဝါရီယာအသင်း၏ အမေရိကန်ဘတ် စကက်ဘောသမား စတီဖင်ကာရီက ဒေါ်လာ ၉၂ ဒသမ ၈ သန်းဖြင့် ပဥ္စမနေရာတွင် အစဉ် လိုက်ရပ်တည်နေသည်။
ယခုစာရင်း၏ ၁၀ ဦးတွင် ဘတ်စကက်ဘောအားကစားနည်းမှ လေးဦးဖြင့် အများဆုံးပါဝင်နေပြီး ထိပ်ဆုံး ၁၀ ဦး၏ ဝင်ငွေစုစုပေါင်းမှာ ဒေါ်လာ ၉၉၁ ဒသမ ၅ သန်းရှိကြောင်း သိရသည်။
ဝင်ငွေအကောင်းဆုံး ထိပ်ဆုံး ၁၀ ဦး
အမည် အားကစားနည်း ဝင်ငွေ
မက်ဆီ ဘောလုံး ၁၃၀ သန်း
လီဘရွန်ဂျိမ်းစ် ဘတ်စကက်ဘော ၁၂၁.၂ သန်း
စီရော်နယ်လ်ဒို ဘောလုံး ၁၁၅ သန်း
နေမာ ဘောလုံး ၉၅ သန်း
စတီဖင်ကာရီ ဘတ်စကက်ဘော ၉၂.၈ သန်း
ကယ်ဗင်ဒူးရန့် ဘတ်စကက်ဘော ၉၂.၁ သန်း
ဖက်ဒါရာ တင်းနစ် ၉၀.၇ သန်း
ကာနီလို လက်ဝှေ့ ၉၀ သန်း
တွမ်ဘရေဒီ NFL ၈၃.၉ သန်း
အန်တီတော့ကွန်ပို ဘတ်စကက်ဘော ၈၀.၉ သန်း