ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ကာရာဘောင်း ဖလား ကွာတားဖိုင်နယ် အဆင့်မှာ အာဆင်နယ် အသင်းဟာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို လေးဂိုး တစ်ဂိုး နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာ သွားခဲ့ရပါတယ် ။
အာဆင်နယ် နည်းပြ အာတီတာ ဟာ မန်စီးတီး နဲ့ ပွဲမှာ ရူနာဆန် ၊ မူစတာဖီ ၊ ဆစ်ဒရစ် ၊ ကိုလာစီနက် ၊ ဂါဘရီယဲလ် ၊ မာတီနယ်လီ စတဲ့ ကစားသမားတွေကို ပွဲထွက် ကစား စေခဲ့ပါတယ် ။
မန်စီးတီး အသင်း ဟာ ပွဲအစ သုံးမိနစ်မှာတင် ဂျီးဆပ် ရဲ့ ခေါင်းတိုက် သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုးဟာ အာဆင်နယ် နောက်တန်း ကစားသမားတွေရဲ့ လူကပ် ကစားပုံ အားနည်းမှု ၊ ဂိုးသမား ရူနာဆန် ရဲ့ အဆင်သင့် မဖြစ်နေမှုကြောင့် ခွင့်ပြု ခဲ့ရတာ ဖြစ်ပါတယ် ။
မာတီနယ်လီ ရဲ့ဖြတ်တင် ပေးပို့မှုကနေ လာကာဇက် က ခေါင်းတိုက်ပြီး ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဖက် တစ်ဂိုးစီ သရေ ကျနေခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ရူနာဆန် ရဲ့ဘောလုံးကာကွယ်ပုံ မသပ်ရပ်တာကြောင့် မာရက်ဇ် ရဲ့ ဖရီးကစ် ကန်ချက်ဟာ ဂိုးဝင်သွားခဲ့ပြီး မန်စီးတီးတို့ ပွဲကို ပြန်လည် ဦးဆောင် နိုင်ခဲ့ပါတယ် ။
အဲ့ဒီနောက်မှာတော့ ဖိုဒန် က ဂိုးသမား နဲ့ တစ်ဦးချင်း အတွေ့မှာ ဂိုးတစ်ဂိုး ထပ်မံ သွင်းယူခဲ့ပြီး လာပေါ်တေး က မန်စီးတီး အတွက် ပွဲသိမ်းဂိုးကို သွင်းယူ ပေးခဲ့ပါတယ် ။
အာဆင်နယ် နဲ့ မန်စီးတီး ပွဲအပြီး သုံးသပ်မှု အစီအစဉ်မှာတော့ ဂျေမီရက်နပ် က ဒီနေ့ညမှာ ပါဝင် မကစားခဲ့တဲ့ ရှာကာ ၊ လူးဝဇ် ၊ အိုဇေးလ် တို့ကို အဓိက ဝေဖန် သွားခဲ့ပြီး သူတို့ သုံးဦး အသင်းမှာ ရှိနေသေး သရွှေ့ဘယ်သူပဲ နည်းပြ လာလုပ်လုပ် ဒုက္ခရောက်နေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။
” ဒါပေါ့ဗျာ ၊ သူတို့ အနေနဲ့ နည်းပြ ကို ထုတ်ပစ်လိုက်လို့ ရပါတယ် ၊ ဒါပေမယ့် အဓိက ပြဿနာက ကစားသမား အစုအဖွဲ့ ပါပဲ ၊ နည်းပြသစ် တစ်ဦး ရောက်လာ ခဲ့ရင်တောင် သူ အသင်းမှာ ယုံကြည်လို့ရတဲ့ ကစားသမား ၃ ၊ ၄ ဦးပဲ ရှိပါတယ် ။ ”
” ဘယ်နည်းပြပဲ ရောက်လာရောက်လာ အစပိုင်းမှာ ဒေးဗစ်လူးဝဇ် က ၁၀ ပွဲ ၁၁ ပွဲ လောက် ကောင်းကောင်း ကစားပြပါလိမ့်မယ် ။ ကျွန်တော်တို့က သူဟာ ကစားသမားကောင်း တစ်ဦးလို့ ချီးကျူးလိုက်မိတာနဲ့ သူ အမှားတွေ စလုပ်တော့မှာပါပဲ ၊ ဘာကြောင့်လဲ ဆိုတော့ သူ ကစားရတာ ငြီးငွေ့ ပျင်းရိ သွားတာကြောင့်ပါ ။ ”
” ရှာကာ လည်း သူကစားတာ ကောင်းနေတယ်လို့ တွေးမိတာနဲ့ အထုတ် ခံရတော့တာပါပဲ ။ နည်းပြ က အိုဇေးလ် ပြန်ခေါ်လိုက်တယ် ဆိုပါစို့ဗျာ ၊ သူ နှစ်ပွဲလောက်တော့ ကောင်းကောင်း ကစားပြပါလိမ့်မယ် ။ ကျွန်တော်တို့က အိုဇေးလ် ဟာ အသင်းရဲ့ အဖြေ ၊ သူ့ကို ချန်လှပ်လို့ မရဘူးလို့ ချီးကျူးလိုက်တာနဲ့ နောက်ပွဲတွေကျ သူ နောက်ကိုလည်း ပြန်မပြေး စိတ်ပျက်လက်ပျက် ကစားနေမှာပါ ။ ”
” အသင်းမှာကိုက ပြဿနာ ရှိနေတာပါ ၊ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို ကစားသမားတွေ အများကြီး ရှိနေပါတယ် ၊ ခင်ဗျား ဘယ်လောက် ကြိုးစားကြိုးစား သူတို့တွေက နည်းပြ နဲ့ အသင်းကို အောက်ရောက်အောင် ဆွဲချမယ့် သူတွေပါ ။ ”
” အာဆင်နယ် အသင်းမှာ ပရိသတ်တွေကို လှည့်ဖျား ကစားနေကြသူတွေ အများကြီး ရှိနေပါတယ် ။ ဒါကြောင့် အဲ့ဒီလို ကစားသမားတွေကို ဖယ်ထုတ်ဖို့ရာ နည်းပြ ကို အချိန်ပေးဖို့ လိုအပ်ပါတယ် ၊ အကယ်၍ နည်းပြ ကို ထုတ်ပယ်မယ်ဆိုရင် ဘယ်သူ့ကို ခန့်မှာလဲ ၊ ဘယ်သူက လာချင်မှာလဲဗျာ ။ ” လို့ ထောက်ပြ သွားခဲ့ပါတယ် ။