စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်း၏ အပြောင်းအရွှေ့သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေစဉ် ၎င်းက ကစားသမားဘဝကို နောင်တများဖြင့် အဆုံးမသတ်လိုကြောင်း နှင့် စပါးအသင်းတွင် ထာဝရရှိနေမည်ဟု ကတိမပေးနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဟာရီကိန်းသည် စပါးအသင်းနှင့် ဖလားလက်မဲ့ရာသီ ထပ်မံကြုံတွေ့ခဲ့ရပြီးနောက် အသင်းမှထွက်ခွာရန် ဆန္ဒရှိကြောင်း အသိပေးထားသည်ဟု ESPN သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ၎င်းက မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်၏ YouTube Channel ဖြစ်သည့် The Overlep နှင့်ပြုလုပ် ထားသည့် အင်တာဗျူးအစီအစဉ်တွင် စပါးအသင်းတွင် ထာဝရရှိနေမည်ဟု မပြောနိုင်သလို ထွက်ခွာမည်ဟုလည်း မပြောဖူးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်ရဲ့ ကစားသမားဘဝကို နောင်တတွေနဲ့ အဆုံးမသတ်ချင်ပါဘူး။ ကျွန်တော်က အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်ချင်တာပါ။ ကစားသမားဘဝတစ်လျှောက်လုံး စပါးမှာပဲရှိနေမယ်လို့ တစ်ခါမှ မပြောဖူးသလို စပါးကနေ ထွက်ခွာချင်တယ်လို့လည်း တစ်ခါမှ မပြောဖူးပါဘူး။ လူတွေကတော့ သူက ဆုဖလားတွေ အရမ်းလိုချင်နေတယ်၊ သူ့အတွက် ဆုဖလားတွေလိုအပ်တယ်လို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ နောက်ထပ်ကစားသမားဘဝတစ်ခု ရနိုင်လောက်သေးတယ်လို့ ခံစားနေရတုန်းပါပဲ။ ပရီးမီးယားလိဂ်မှာ ကျွန်တော်ရထားသလိုမျိုးဟာတွေ ပိုင်ဆိုင်ခွင့်ရတာ ခုနစ်နှစ်၊ ရှစ်နှစ်လောက် ရှိနေပါပြီ။ အဲဒါ ကြောင့် တစ်စုံတစ်ခုလုပ်ဖို့ အလျင်လိုတာမျိုး၊ အရမ်းလုပ်ချင်တာမျိုး မရှိပါဘူး။ ကျွန်တော် အကောင်းဆုံးကစားသမား ဖြစ်ချင်တယ်လို့ ပြောရတာကို မကြောက်ပါဘူး။ ရော်နယ်လ် ဒို၊ မက်ဆီတို့လိုအဆင့်မျိုးရောက်ဖို့ ကျွန်တော်ကြိုးစားချင်ပါတယ်။ ရာသီတစ်ခုပြီးဆုံးချိန်မှာ ဆုဖလားတွေရယူနိုင်ဖို့၊ ဂိုးတွေ ၅၀၊ ၆၀၊ ၇၀ လောက် သွင်းနိုင်ဖို့က ကျွန်တော့်ရဲ့ နောက်ဆုံးရည်မှန်းချက်ပါပဲ” ဟု ဟာရီကိန်း က ပြောကြားခဲ့သည်။
အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် ဟာရီကိန်း သည် စပါးအသင်း၏ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး အစောပိုင်းကာလများတွင် လေတန်အိုးရီးယန့်၊ မီဝေါလ်၊ နောဝစ်ချ်၊ လက်စတာအသင်းများ၌ အငှားသွား ရောက်ကစားခဲ့ရသော်လည်း ၂၀၁၄ ခုနှစ် နောက်ပိုင်းမှစ၍ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။
၎င်းသည် ပရီးမီးယားလိဂ် တွင် ၂၄၁ ပွဲကစား ၁၆၅ ဂိုးသွင်းယူထားကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးစာရင်း ၌ အဆင့် ၇ နေရာ ရပ်တည်နေသလို ပြိုင်ပွဲစုံ ၃၃၅ ပွဲကစား ဂိုး ၂၂၀ သွင်းယူထားသည်။ ဟာရီကိန်းသည် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု နှစ်ကြိမ်နှင့် ကမ္ဘာ့ဖလားရွှေဖိနပ်ဆုတစ်ကြိမ် အပါအဝင် တစ်ဦးချင်းဆုတံဆိပ်များရရှိထားသော်လည်း ဆုဖလား တစ်ကြိမ်မျှမရဖူးသေးကြောင်း သိရသည်။