လီဗာပူးလ်အသင်းသည် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားသည့် မာဆေးဆိုက်ဒါဘီ အဝေးကွင်းပွဲစဉ်တွင် (၁-၄) ဂိုးဖြင့် အနိုင်ရ ပြီး ၁၉၈၂ ခုနှစ်နောက်ပိုင်း ၃၉ နှစ်အတွင်း ဒါဘီပွဲ အဝေးကွင်းဂိုးအပြတ်ဆုံးမှတ်တမ်း ပိုင်ဆိုင်ခွင့်ရခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အဖြစ် အဲဗာတန်အသင်း၏ ဂူဒီဆင်ပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ လီဗာပူးလ်အသင်းက အဘက်ဘက်မှ အသာစီးရယူကာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။
ပွဲအစ ကိုးမိနစ်တွင် ဟန်ဒါဆန်နှင့် ၁၉ မိနစ်တွင် ဆာလာက နှစ်ဂိုးသွင်းယူပြီး ၃၈ မိနစ်တွင် ဂရေးက တစ်ဂိုးပြန်လည်ချေပသောကြောင့် ပထမပိုင်းအပြီးတွင် လီဗာပူးလ်အသင်းက (၁-၂) ဂိုးဖြင့် အနိုင်ရနေသည်။
ဒုတိယပိုင်းတွင်လည်း လီဗာပူးလ်အသင်းက ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ၆၄ မိနစ်တွင် ဆာလာနှင့် ၇၉ မိနစ်တွင် ဂျိုတာက နှစ်ဂိုး ထပ်မံသွင်းယူသောကြောင့် (၁-၄) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
ယင်းပွဲရလဒ်မှာ ဂူဒီဆင်ပတ်ခ်ကွင်း၌ကစားသည့် မာဆေးဆိုက် ဒါဘီပွဲစဉ်များအနက် ၁၉၈၂ ခုနှစ် နိုဝင်ဘာတွင် (၀-၅) ဂိုးဖြင့် အနိုင်ရပြီးနောက် ၃၉ နှစ် အကြာတွင် ဂိုးအပြတ်ဆုံးရလဒ် တစ်ကျော့ပြန် ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။