ခရိုအေးရှား – ဘရာဇီးလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၉ ရက် ည ၉:၃၀ နာရီ)
ခရိုအေးရှားက အသင်းတစ်သင်းကို အနိုင်ကစားနိုင်တဲ့ အရည်အသွေးပိုင်းမှာ သိသိသာသာကျဆင်းသွားတယ်။ ဒီပြိုင် ပွဲမှာ ခရိုအေးရှား (၄) ပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲသာ ရထားပြီး မော်ရိုကို၊ ဘယ်လ်ဂျီယံ၊ ဂျပန်တို့ကို မိနစ် (၉၀) အတွင်းသရေပဲ ကစားနိုင်ခဲ့တယ်။ ကနေဒါတစ်သင်းကိုပဲ အနိုင်ရခဲ့ခြင်းဖြစ်တယ်။ ဘရာဇီးလ်က အုပ်စုတွင်းမှာ (၃) ဂိုးပဲ ရခဲ့ပေမဲ့ ရှုံးထွက်အဆင့်မှာတော့ တောင်ကိုရီးယားခံစစ်ကို (၄) ဂိုးသွင်းခဲ့တယ်။ အုပ်စုတွင်းပွဲစဉ်တွေမှာ ကစားခဲ့တဲ့ ခြေစွမ်းအရဆိုရင်လည်း (၃) ဂိုးပဲ ရခဲ့တယ်ဆိုတာ တော်တော်လေးနည်းပါတယ်။ အခွင့်အရေးကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့တာကိုတွေ့ရတယ်။ ဂိုးရသင့်တဲ့အခြေအနေတွေ ဖန်တီးနိုင်တယ်။ ဂိုးရလုနီးပါး အနေအထားတွေ အများကြီးရတယ်။ လိုဗရန်က ခရိုအေးရှားခံစစ်ရဲ့ ညာခြမ်းမှာ အမြန်နှုန်းအားနည်းတဲ့ ကစားသမားဖြစ်ပြီး ဘရာဇီးလ်ရဲ့ တိုက်စစ်ကလည်း ဘယ်ခြမ်းကို အားသန်တယ်။ ကြေက်စရာကောင်းဆုံးဇုန်က ဘယ်ခြမ်း Wide Area နဲ့ Half Spaces တွေမှာ ရှိနေတာကိုုတွေ့ရတယ်။ ခရိုအေးရှားက ဘရာဇီးလ်တိုက်စစ်ကို ခုခံနိုင်မယ်မထင်ဘူး။ ဘရာဇီးလ်ပဲ ဆီမီးဖိုင်နယ်တက်မယ်။
နယ်သာလန် – အာဂျင်တီးနား (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁:၃၀ နာရီ)
နယ်သာလန်က ခံစစ်ပိုကောင်းတယ်။ တိုက်စစ်ပိုင်းကတော့ ဂိုးတွေရနေပေမဲ့ ဒီလိုအဆင့်တွေအတွက်ဆိုရင် လုံလောက် ပါ့မလားဆိုတာ စဉ်းစားစရာရှိတယ်။ နယ်သာလန်အသင်း ဖြတ်သန်းခဲ့တဲ့ (၄)ပွဲကို ကြည့်ရင် တောင်အမေရိကအသင်း တစ်သင်းပါဝင်ခဲ့ပြီး အဲဒီပွဲက နယ်သာလန်အတွက် အခက်ခဲဆုံးပွဲလည်းဖြစ်ခဲ့တယ်။ အာဂျင်တီးနားအသင်းကတော့ အဖွင့်ပွဲမှာ မထင်မှတ်ဘဲ ဆော်ဒီကို ရှုံးခဲ့ပေမဲ့ မက္ကဆီကို၊ ပိုလန်၊ သြစတြေးလျတို့ကို အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတယ်။ မက်ဆီ ခြေစွမ်းပြနေတာကို တွေ့ရတယ်။ ဒီပွဲမှာ နယ်သာလန်အတွက် ဗန်ဒိုက်၊ ဒီယွန်း၊ ဂက်ပိုတို့ ခြေစွမ်းပြဖို့ အရေးကြီးသလို၊ အာဂျင်တီးနားအတွက်လည်း မက်ဆီ၊ အယ်လ်ဗာရက်ဇ်၊ ဒီမာရီယာတို့ ပုံစံကောင်းပြသနိုင်ဖို့လိုတယ်။ ဒီမာရီယာက နောက်ဆုံး ကစားခဲ့တဲ့ သြစတြေးလျနဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရပေမဲ့ ဒီပွဲမှာတော့ နည်းပြရဲ့ရွေးချယ်မှုမှာ ပြန်လည်ပါဝင်လာလိမ့်မယ်။ ပွဲက အကြိတ်အနယ်ရှိနိုင်ပြီး မက်ဆီဦးဆောင်တဲ့ တိုက်စစ်နဲ့ ဗန်ဒိုက်ဦးဆောင်တဲ့ ခံစစ်အားပြိုင်ရမယ်။ မိနစ် (၉၀)အတွင်း အနိုင် အရှုံးပေါ်ဖို့ ခက်ပေမဲ့ နိုင်မယ်ဆိုရင် အာဂျင်တီးနားဖြစ်ဖို့များတယ်။