အာဆင်နယ်အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကစားသမားအပြောင်းအရွှေ့ကိစ္စများအတွက် အကြွေး ပေါင်(၁၅၄)သန်း ပေးချေရခဲ့ကြောင်း Price of Football က ဖော်ထုတ်ခဲ့ရာ အသင်းပရိသတ်များသည် ဒေါသထွက်နေကြကြောင်း သိရှိရသည်။
ယင်းပမာဏမှာ ပရီးမီးယားလိဂ်အသင်းများထဲတွင် အများဆုံးဖြစ်ကြောင်းလည်း သိရှိရသည်။
Price of Football ဟု အမည်ရသည့် Twitter အကောင့်သည် ၂၀၂၀ ပြည့်နှစ်တွင် ကစားသမားအပြောင်းအရွှေ့ကိစ္စများအတွက် အကြွေးအများဆုံးပေးချေရမည့် ပရီးမီးယားကလပ်အသင်းများကို ထုတ်ပြန်ခဲ့ရာ အာဆင်နယ်အသင်းက ပေါင် (၁၅၄)သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်း၏နောက်တွင် မန်ယူနှင့် စပါးအသင်းတို့က ပေါင် (၁၄၉)သန်းဖြင့် ဒုတိယနေရာ၌ ပူးတွဲရပ်တည်နေကြကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် နောက်ပိုင်းနှစ်များတွင် ကစားသမားအပြောင်းအရွှေ့ပြုလုပ်ရာတွင် အဆင်ပြေသည့်အသင်းအဖြစ် မြင်တွေ့ခဲ့ရသော်လည်း Price of Football ၏ စစ်တမ်းအရ ကစားသမားပြောင်းရွှေ့မှုအတွက် ၂၀၂၀ ပြည့်နှစ်တွင် အကြွေးများစွာ ပေးချေခဲ့ရခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ပေပေ၊ အူဘာမီယန်း၊ လာကာဇက်တို့ကဲ့သို့ ထိပ်တန်းကစားသမားများအတွက် အခြားအသင်းများကို အကြွေးများစွာ ပေးခဲ့ရကြောင်း သိရှိရသည်။
ထို့ပြင် အာဆင်နယ်အသင်းသည် လက်ရှိအချိန် ပရီးမီးယားလိဂ်တစ်ပွဲမှ မကစားရသေးဘဲ နိုက်စ်အသင်းထံသို့ အငှားချထားသည့် နောက်ခံလူ ဆာလီဘာအတွက် အကြွေးပေါင်(၂၇)သန်း ပေးချေရသဖြင့် အသင်းပရိသတ်များက အသင်း၏ အပြောင်းအရွှေ့ပေါ်လစီကို ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းပရိသတ်များသည် ပြီးခဲ့သည့်တစ်ပတ်က ဥရောပစူပါလိဂ်တွင် ပါဝင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အသင်းပိုင်ရှင် ကရွန်ကီကိုဒေါသထွက်ခဲ့ကြပြီး ယခုအခါ ပရီးမီးယားလိဂ်ကလပ်များထဲတွင် အပြောင်းအရွှေ့အတွက် အကြွေးအများဆုံးပေးရသည့်အချက်ပေါ်ပေါက်လာပြီးနောက် ကရွန်ကီကို အသင်းမှထွက်ခွာရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
အာဆင်နယ်အသင်းပရိသတ်များသည် Twitter တွင် #KroenkeOut ဆိုသည့် hashtag ကို အသုံးပြုကာ ကရွန်ကီကို အသင်းမှထွက်ခွာရန် တောင်းဆိုခဲ့သလို၊ @rosicky4 အကောင့်ပိုင်ရှင်က ”မအံ့သြတော့ပါဘူး။ သူတို့ထွက်သွားအောင် ငါတို့ လုပ်မှဖြစ်တော့မယ်”ဟု ရေးသားခဲ့ပြီး @2fac31979 အကောင့်ပိုင်ရှင်ကလည်း ”ဒါတွေက စတန်(ကရွန်ကီ) ဖန်တီးခဲ့တဲ့ အရှုပ်ထုပ်တွေပေါ့”ဟု ရေးသားခဲ့သည်။
လက်ရှိတွင် အာဆင်နယ်အသင်းအား ဝယ်ယူရန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Spotify တည်ထောင်သူ သန်းကြွယ်သူဌေး ဒန်နီယဲလ်အက်ခ်က ကြိုးပမ်းနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ကရွန်ကီမိသားစုကမူ အာဆင်နယ်အသင်းကို ရောင်းချမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။