စပါးအသင်း၏နည်းပြ အန်တိုနီယိုကွန်တီသည် ၂၀၀၉ နောက်ပိုင်း လိဂ်ပြိုင်ပွဲ(၃)ပွဲဆက်တိုက်ရှုံးနိမ့်မှုနှင့် ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ကွန်တီ၏ စပါးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံး(၃)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလက မြို့ခံပြိုင်ဘက်အသင်းဟောင်း ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွင်း ဆောက်သမ်တန်နှင့် ဝုလ်ဗ်တို့ကို ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ကွန်တီသည် ၂၀၀၉-၁၀ ရာသီက အတ္တလန်တာအသင်းကို ကိုင်တွယ်စဉ် စီးရီးအေပြိုင်ပွဲ၌ လီဗော်နို၊ ကာဂလီယာရီနှင့် ဂျူဗင်တပ်စ်တို့ကို (၃)ပွဲဆက်ရှုံးနိမ့်ပြီးနောက် (၁၃)နှစ်ကြာမှ ယင်းကဲ့သို့ မှတ်တမ်းဆိုးနှင့် ပြန်လည်ရင်ဆိုင်ခဲ့ရခြင်းလည်းဖြစ်သည်။
အတ္တလန်တာအသင်းသည် ကွန်တီ၏နည်းပြဘဝတွင် ဒုတိယအဆိုးရွားဆုံးနှင့် နိုင်ပွဲအနည်းဆုံး အသင်းဖြစ်ခဲ့ပြီး အမာခံပရိသတ်များ၏ ရန်ရှာရန် ကြိုးပမ်းမှုနှင့်ပင် ကြုံတွေ့ခဲ့ရသည်။

သို့သော် အတ္တလန်တာနည်းပြ ရာထူးမှ နုတ်ထွက်ပြီးနောက် စီးရီးဘီကလပ် ဆီနာအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ရာတွင် စီးရီးအေသို့ တန်းတက်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရာမှ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့သူဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ဂျူဗင်တပ်စ်၊ အီတလီလက်ရွေးစင်အသင်း၊ ချယ်လ်ဆီး၊ အင်တာမီလန်နှင့် စပါး စသဖြင့် ထိပ်တန်းအသင်းများကို ကိုင်တွယ်ခွင့်ရခဲ့ပြီး ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သည့်အပြင် လိဂ်ပြိုင်ပွဲ၌ (၃)ပွဲဆက်ရှုံးနိမ့်ခြင်းမရှိအောင်လည်း ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်သည်အထိ စွမ်းဆောင်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု စပါးအသင်း၏ နည်းပြအဖြစ် (၃)လကျော်ဖြတ်သန်းခဲ့ပြီးနောက် ဆိုးရွားသည့် အရှုံးမှတ်တမ်းနှင့် ပြန်လည်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး အိမ်ကွင်း(၂)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းမှာလည်း အတ္တလန်တာနည်းပြဘဝနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။
ထို့ကြောင့် ကွန်တီ၏ ဦးဆောင်မှုအပေါ် မေးခွန်းထုတ်မှုများရှိလာခဲ့သလို၊ စပါးအသင်းမှာလည်း အဆင့် (၈)နေရာအထိ ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရတော့မည့်အခြေအနေ ဖြစ်လာခဲ့သည်။ သို့သော် စပါးအသင်းမှာ အဆင့်(၄)နေရာမှ ဝက်စ်ဟမ်းအသင်းထက် (၃)ပွဲလျော့ပြီး (၄)မှတ်သာ ကွာဟသောကြောင့် အခွင့်အရေးရှိနေဆဲဖြစ်သည်။

ကွန်တီကမူ ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် “ကျွန်တော့်အတွက် အဆင့်(၄)နေရာအကြောင်းပြောဖို့ အလွန်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တခြားပစ်မှတ်တွေ အတွက်ပဲ ယှဉ်ပြိုင်နေကျဖြစ်တာကြောင့်ပါ။ လက်ရှိအသင်းက ပြန်လည်တည်ဆောက်ဖို့ လိုနေတယ်ဆိုတာ သိပေမဲ့ ကျွန်တော်က အမြဲတမ်းချန်ပီယံဆုတွေအတွက် ပစ်မှတ်ထားယှဉ်ပြိုင်ခဲ့သူပါ။ စပါးအသင်းနဲ့လည်း ချန်ပီယံဆုဖလားတွေ ရယူချင်ပါတယ်။ ဒါပေမဲ့ အခြေအနေမှန်ကို ကျွန်တော်လက်ခံနိုင်ဖို့ လိုပါတယ်။ ဒါကို လက်ခံမှ ဖြစ်တော့မှာပါ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကွန်တီက စပါးကစားသမားများအနေဖြင့် နိုင်လိုစိတ်ပြင်းထန်ရန် လိုအပ်နေပြီး မိမိ ရှင်သန်ရေးအတွက် တစ်ဖက်လူကို သတ်ဖြတ်ရန် အသင့်ဖြစ်နေရမည့် စိတ်ဓာတ်မျိုး ရှိနေသင့်သည်ဟုလည်း ပြောကြားခဲ့သည်။ စပါးအသင်းသည် လာမည့်ပွဲစဉ်တွင် မန်စီးတီးနှင့် ပွဲကျပ်ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။