ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် စပီဇီယာအသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် (၁၂)ရာသီဆက်တိုက် လိဂ်ဂိုး (၂၀)နှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
မတ်လ (၂)ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ဂျူဗင်တပ်စ် (၃-၀) စပီဇီယာပွဲ၏ ပွဲချိန် (၈၉)မိနစ်တွင် စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သည်။
ယင်းဂိုးမှာ စီရော်နယ်လ်ဒိုအတွက် ယခုရာသီတွင် ပြိုင်ပွဲစုံ (၂၇)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့သလို၊ စီးရီးအေပြိုင်ပွဲတွင် ဂိုး(၂၀)မြောက် သွင်းဂိုးဖြစ်ခဲ့သည်။
ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် (၁၂)ရာသီဆက်တိုက် လိဂ်ဂိုး (၂၀)နှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံးနှင့် တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
စီရော်နယ်လ်ဒိုသည် မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားစဉ်က ၂၀၀၈-၀၉ ရာသီ ပရီးမီးယားလိဂ်တွင် (၁၈)ဂိုးသွင်းယူပြီးနောက် ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့ခဲ့သည့် ၂၀၀၉-၁၀ ရာသီမှ စတင်ကာ (၁၂) ရာသီဆက်တိုက် လိဂ်ဂိုး (၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းသို့ စတင်ရောက်ရှိသည့် ၂၀၀၉-၁၀ ရာသီက လာလီဂါပြိုင်ပွဲတွင် (၂၆)ဂိုးအထိသွင်းယူခဲ့ပြီး ယင်းရာသီအပါအဝင် (၉)ရာသီဆက်တိုက် လိဂ်ဂိုး (၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းတွင် ကစားစဉ်က လိဂ်ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သည်မှာ ၂၀၁၁-၁၂ ရာသီကဖြစ်ပြီး လာလီဂါ (၃၈)ပွဲတွင် (၄၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းထံသို့ စတင်ရောက်ရှိလာသည့် ၂၀၁၈-၁၉ ရာသီမှစတင်ကာ (၃)ရာသီဆက်တိုက် စီးရီးအေပြိုင်ပွဲတွင် တစ်ရာသီ ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ၎င်း၏ဂျူဗင်တပ်စ်ကစားသမားဘဝ ပထမဆုံးရာသီတွင် စီးရီးအေ (၂၁)ဂိုးသွင်းယူခဲ့ပြီး ဒုတိယရာသီတွင် (၃၁)ဂိုးနှင့် ယခုရာသီ စီးရီးအေ (၂၁)ပွဲတွင် ဂိုး (၂၀) သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။