လီဗာပူး ကြယ်ပွင့်ဟောင်း ဂျမိန်းပင်းနန့်ဟာ ရာဖေးဘင်နီတက်ဇ်ရဲ့ management style အပေါ် ပစ်ပစ်ခါခါ ဝေဖန်သွားခဲ့ပြီး စပိန်မန်နေဂျာဟာ သူ့ရဲ့ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် ဘင်နီတက်ဇ်ရဲ့ လက်အောက်မှာ စတီဗင်ဂျာရတ်ဟာ ‘player-manger’ အဖြစ် တာဝန်ယူပေးခဲ့ရတယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။
လီဗာပူး နည်းပြဟောင်း ဘင်နီတက်ဇ်ဟာ ယခုလ အစောပိုင်းမှာ မြို့ခံပြိုင်ဘက် အဲဗာတန် အသင်းရဲ့ နည်းပြ ရာထူးကို အံ့အားသင့်ဖွယ် လက်ခံခဲ့သူ ဖြစ်ပြီး ၎င်းဟာ ၂၀၀၄ မှ ၂၀၁၀ ခုနှစ် အတွင်း အန်ဖီးမှာ အောင်မြင်တဲ့ နည်းပြ ဘဝကို ပိုင်ဆိုင်ခဲ့သူ ဖြစ်တာကြောင့် ဒီလို ထူးဆန်းတဲ့ ဆုံးဖြတ်ချက် အတွက် နှစ်ဘက်အသင်း ပရိတ်သတ်တွေဟာ ဝေဖန်မှုတွေ လုပ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ ပင်းနန့်ဟာ အဲဗာတန်ရဲ့ ခန့်အပ်မှု အပေါ် သံသယ ဖြစ်နေပြီး ဘင်နီတက်ဇ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့စဉ် ၎င်းရဲ့ စီမံခန့်ခွဲမှု စတိုင် အပေါ် အကဲဖြတ်သွား ခဲ့ပါတယ်။
ဘင်နီတက်ဇ်က “သူ့အပေါ် ကစားသမားတိုင်းရဲ့ အမြင်ဟာ ကွာခြားနေမှာပါ။ ရာဖာနဲ့ ပက်သက်ပြီး ကစားသမားတွေရဲ့ တုန့်ပြန်မှုက အမျိုးမျိုး ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်မှာတော့ သူဟာ အရမ်းတော်တဲ့ man-manager တစ်ဦး မဟုတ်ပါဘူး။ ကစားသမားတွေနဲ့ ဆက်ဆံမှု အပိုင်းမှာ သူဟာ လိုအပ်ချက်တွေ ရှိနေပါတယ်။ စတီဗင်ဂျာရတ်နဲ့ ဂျေမီကာရေဂါ တို့ဟာ ဒီအကြောင်းကို လူသိရှင်ကြား ပြောကြားခဲ့ပြီး ဖြစ်ကာ သူတို့ အတွက်လည်း ဒါဟာ ခက်ခဲခဲ့ပါတယ်။
သူ့ကို ချည်းကပ်ရတာ ကွင်းတွင်း ကွင်းပြက တစ်ချို့ အခြေအနေတွေ အပေါ် စကားပြောရတာ ခက်ခဲမှု ရှိတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ သူဟာ ကစားသမားတွေဆီကို လာပြီး ကိုယ့်လူ အဖြစ် စည်းရုံးတာတို့ ကစားသမားတွေ ဘက်က ဆွေးနွေးမှု လုပ်ဖို့ လိုအပ်နေတဲ့ အခါတိုင်း စကားပြောတာတို့ ဘာတို့ လုပ်တဲ့သူ မဟုတ်ပါဘူး။ ဒါမျိုးတွေကို ဂျာရတ်ပဲ လုပ်ခဲ့ရပါတယ်။
အထူးသဖြင့် ပွဲကြီးပွဲကောင်းတွေ မှာပါ။ ပထမပိုင်း အပြီးမှာ အရာအားလုံး အဆင်မပြေတဲ့အခါ ဘာတွေ လိုအပ်ချက် ရှိသလဲဆိုတာ ပြောပြတာ ၊ ညွှန်ကြားမှုတွေ လုပ်တာ ၊ ဒီပွဲကို အနိုင်ရအောင် ဘာတွေ လုပ်သွားဖို့ လိုအပ်သလဲ ဆိုတာ ပြောပြတာတွေကို သူမလုပ်ပါဘူး။ ကိုယ့်ဆီကို လာပြီး အော်ဟစ် ညွှန်ကြားမှုတွေ လုပ်တာ စတီဗင်ဂျာရတ်ပဲ ဖြစ်ပါတယ်။ လီဗာပူးမှာ ကစားစဉ်က ပထမဦးဆုံး ကျွန်တော် စိတ်မပျက်စေချင်တာက ဂျာရတ် ဖြစ်ပါတယ်။ ပြီးမှ မန်နေဂျာပါ။ စတီဗင်ဟာ player-manager တစ်ဦးလို ပါပဲ။ ရာဖာနဲ့ ပက်သက်ပြီး ကစားသမားတိုင်းဟာ ကွဲပြားတဲ့ အမြင်တွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။”
အခု အသက် ၃၈ နှစ် ရှိနေပြီ ဖြစ်တဲ့ ပင်းနန့်ဟာ ဘင်နီတက်ဇ်ရဲ့ လက်အောက် လီဗာပူးမှာ ၃ ရာသီ ကစားခဲ့ပြီး ၂၀၀၇ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက်ခဲ့တဲ့ လီဗာပူး အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ မြို့ခံပြိုင်ဘက် အသင်းကို ကိုင်တွယ်ခဲ့တာကြောင့် ဘင်နီတက်ဇ်ဟာ အနီးကပ် စောင့်ကြည့်မှုတွေ ခံနေရပြီး လာမည့် ရာသီမှာ တာထွက်ကောင်းဖို့ အတွက် လိုအပ်နေပါတယ်။
ပင်းနန့်က “သူဟာ အဲဗာတန်ကို တောက်ပစေမှာလား? ဒီအသင်းကို next level ကို ပို့ပေးနိုင်မှာလား? ကျွန်တော် ကတော့ ဒီလို မထင်ပါဘူး။ အဲဗာတန် ပရိတ်သတ်တွေ ဝမ်းနည်းပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် နာမည်ကျော် ချန်ပီယံလိဂ် ဖိုင်နယ်ကြောင့် လီဗာပူးရဲ့ ဂန္ထဝင် ဖြစ်လာခဲ့ပါတယ်။ အဲဒီပွဲမှာ ဂျာရတ်ဟာ ၁၀၀% မောင်းနှင်ပေးခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော် ဒါကို သိပါတယ်။
လီဗာပူး ပြီးနောက် သူဟာ နယူးကာဆယ်ကို ကိုင်တွယ်ခဲ့ပြီး အဲဒီမှာ သူဟာ ဘာတစ်ခုမှ ထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ပါဘူး။ ကျွန်တော် ကတော့ အဲဗာတန် အသင်းမှာလည်း သူဟာ တစ်စုံတစ်ရာ သက်ရောက်မှု မပေးနိုင်ဘဲ အနည်းငယ် တန့်နေလိမ့်မယ်လို့ ခံစားမိပါတယ်။” လို့ ပြောလိုက်ပါတယ်။