လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းကစားသမားများဖြစ်သည့် ဖာဘင်ညိုနှင့် မီလ်နာတို့သည် ယနေ့ညကစားမည့် အဲဗာတန်အသင်းနှင့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖာဘင်ညိုသည် ဖေဖော်ဝါရီ (၇)ရက်က ကစားခဲ့သည့် မန်စီးတီးအသင်းအား (၁-၄)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
၀ါရင့်ကွင်းလယ်လူတစ်ဦးဖြစ်သည့် မီလ်နာမှာလည်း ဖေဖော်ဝါရီ (၁၃)ရက်က ကစားခဲ့သည့် လက်စတာအား (၁-၃)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ထပ်မံအနားယူရဦးမည်ဖြစ်ကြောင်း သိရသည်။
ကလော့ပ်က “ဖာဘင်ညိုအနေနဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိသေးပါဘူး။ ဖာဘင်ညို၊ ဂျိုတာနဲ့ မီလ်နာတို့ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာနေပြီဖြစ်ပေမဲ့ အဲဗာတန်နဲ့ ကစားမယ့်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကီတာကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီး ဒီနေ့ကစားမယ့် အဲဗာတန်နဲ့ပွဲမှာ ပါဝင်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ၂၀၂၁ ခုနှစ်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရလဒ်များ ဆိုးရွားနေပြီး အိမ်ကွင်းနောက်ဆုံး (၃)ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၄)အပြီးတွင် ရမှတ် (၄၀)ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်နေပြီး အဆင့် (၄)နေရာမှ ချယ်လ်ဆီး (၄၂ မှတ်)နှင့် (၂)မှတ် ကွာဟနေသလို၊ အဆင့် (၁)နေရာမှ မန်စီးတီး (၅၆ မှတ်)နှင့် (၁၆)မှတ်အထိ ကွာဟနေသည်။